ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတော်တော်များများ မက်နိုင်တဲ့ အိပ်မက်များ

5-5-2020-yyl-019.jpg

လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက လူတော်တော်များများရဲ့ဘဝကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အဲဒီကပ်ရောဂါကြောင့် အပြင်မထွက်နိုင်၊ သူငယ်ချင်းတွေနဲ့ မတွေ့နိုင်၊ လူတွေကို ပွေ့ဖက်လို့မရ၊ ခရီးသွားလို့လည်းမရဖြစ်စေပါတယ်။ ဒါ့အပြင် ကပ်ရောဂါက လူတွေကို ပုံမှန်မဟုတ်တဲ့ အိပ်မက်တွေလည်း မက်ကောင်းမက်စေနိုင်ပါတယ်။ လူမှုကွန်ယက်ပေါ်မှာ ပုံမှန်မဟုတ်တဲ့အိပ်မက်တွေ မက်တယ်ဆိုတဲ့အကြောင်းပြောထားတဲ့ ပို့စ်တွေကို တွေ့ရပါတယ်။ သင်လည်း သူတို့လိုမျိုးဖြစ်နေတယ်ဆိုရင် COVID-19 ကြောင့် စိုးရိမ်ပူပန်မှုနဲ့ စိတ်ရှုပ်ထွေးမှုတွေဖြစ်လာရတဲ့အတွက် အဲဒီလို အိပ်မက်မျိုးတွေ မက်ရတာဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှုတွေကို သင့်ကို အနှောင့်အယှက်ဖြစ်စေရုံသာမက သင့်ရဲ့အိပ်စက်ချိန်ကိုလည်း သက်ရောက်မှုရှိစေပါတယ်။ စိုးရိမ်ပူပန်မှုတွေများလာရင် သင် မက်တဲ့အိပ်မက်တွေကလည်း ခါတိုင်းမက်တဲ့အိပ်မက်တွေလိုမဟုတ်ဘဲ ထူးထူးဆန်းဆန်းတွေဖြစ်နေတတ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက လူတော်တော်များများ ကြုံတွေ့နေရတယ်လို့ ပြောနိုင်တဲ့ အိပ်မက်တွေကတော့

ငယ်ဘဝကို ပြန်ရောက်သွားတဲ့ အိပ်မက်

လူတွေက သူတို့ကို ဘေးကင်းလုံခြုံစေတဲ့၊ စိတ်သက်သာစေတဲ့ နေရာကို ပြန်သွားတဲ့အကြောင်း အိပ်မက်မက်တဲ့အခါ သင့်မှာ စိုးရိမ်ပူပန်မှုတွေ ကပ်ညှိနေတယ်ဆိုတာကို ပြနေတာဖြစ်ပါတယ်။ တချို့ကတော့ စိုးရိမ်ပူပန်ရတာက အပူအပင်ကင်းတဲ့ သူတို့ရဲ့ငယ်ဘဝကို ပြန်ရောက်သွားတဲ့အိပ်မက်မျိုးကို မက်စေပါတယ်။

သူငယ်ချင်းတွေနဲ့ဆုံပြီး ပျော်ရွှင်နေတဲ့အိပ်မက်

လက်ရှိအချိန်မှာ ကပ်ရောဂါဖြစ်နေတဲ့အတွက် အပြင်မထွက်ရ၊ သူငယ်ချင်းတွေနဲ့လည်း မတွေ့ရ၊ ပျော်ပွဲရွှင်ပွဲလည်းဘာမှမလုပ်ရတဲ့အတွက် အခုလိုအိပ်မက်မျိုးမက်နိုင်ပါတယ်။ အရင်တုန်းကတော့ ဘာမှဂရုစိုက်စရာမလိုဘဲ သူငယ်ချင်းတွေနဲ့အတူတူ လွတ်လွတ်လပ်လပ်ပျော်ပါးခဲ့ကြတာပါ။ ဒါပေမဲ့ သင်က လူတွေစုစုစည်းစည်းနဲ့ ပျော်ပါးနေတဲ့မြင်ကွင်းမျိုး အိပ်မက်မက်ရင် ကိုရိုနာဗိုင်းရပ်စ်က လူဘောင်အဖွဲ့အစည်းကို ထိခိုက်နေတဲ့အတွက် သင် စိတ်မအေးနိုင်ဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။ အဲဒါက သင် ရှိခဲ့ဖူးတဲ့ လွတ်လပ်ပျော်ရွှင်မှုတွေကို လွမ်းဆွတ်နေတယ်လို့လည်း ဆိုလိုလို့ရပါတယ်။

ကြိုက်နှစ်သက်တဲ့အစားအစာ (သို့) သွားရည်စာကို တောင်းတနေတဲ့ အိပ်မက်

ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် အရေးကြီးတဲ့ဆိုင်တွေသာဖွင့်ထားရပြီး စားသောက်ဆိုင်တွေကို ပိတ်ထားကာ ပါဆယ်ဝယ်ယူပြီးမှသာ စားလို့ရမှာဖြစ်ပါတယ်။ အရင်တုန်းကလို စိတ်တိုင်းကျစားသောက်လို့မရတော့ပါဘူး။ သင် ကြိုက်နှစ်သက်တဲ့ အစားအစာတွေရောင်းတဲ့ဆိုင်ကလည်း ပိတ်ထားရနိုင်ပါတယ်။ သင် အကြိုက်ဆုံးအစားအစာကို မြင်မက်ရင် အစားအစာတစ်ခုခု ချို့ငဲ့ပြီး တောင်းတနေတဲ့ခံစားချက်ဖြစ်နိုင်သလို လက်ရှိ သင်လိုအပ်နေတဲ့ အရာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

Ref: 3 most common dreams people are having due to coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top