မိုးစက်တွေနဲ့အတူပေါ်လာတတ်တဲ့ မြေသင်းရနံ့ဆိုတာ

rain-e1565769931810.jpg

မိုးရာသီမှာ ပထမဦးဆုံးရွာချလိုက်တဲ့ မိုးရေစက်တွေကြားမှာ လမ်းလျှောက်သွားဖူးကြလား။ အဲဒီလို မိုးရွာရွာချင်းကျလာတဲ့ရေမှုန်ရေမွှားတွေက မြေသားနဲ့ထိတွေ့လိုက်တဲ့အခါမှာ သင်းသင်းလေးမွှေးတဲ့ရနံ့တစ်ခုကို ရှုရှိုက်မိကြတယ်မလား။ အဲဒီရနံ့လေးက မြေသင်းနံ့ပါပဲ။

မြေလွှာမြေသားကိုမထိမိသေးခင်မှာတော့ မိုးရွာချိန်မှာကျလာတဲ့မိုးရေစက်မှုန်တွေဟာ သာမန်ရေစက်လို့ပါပဲ။ ဘာရနံ့မှမရှိသေးပါဘူး။ ဒါပေမဲ့ ဒီရေစက်တွေဟာ မြေသား၊ ဖုန်မှုန့်တွေနဲ့ ထိတွေ့လိုက်မိချိန်မှာတော့ လတ်ဆတ်တဲ့မြေသင်းနံ့ကို ထွက်ပေါ်လာစေပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက လေထုထဲကို ဒီလိုမြေသင်းနံ့ ထွက်ပေါ်လာပုံအဆင့်ဆင့်ကို အတိအကျဖော်ထုတ်နိုင်ပြီလို့ ဆိုပါတယ်။

ဒီမြေသင်းရနံ့ကို အင်္ဂလိပ်လို “Petrichor” လို့ခေါ်ပါတယ်။ ကျောက်တုံး လို့အဓိပ္ပာယ်ရတဲ့ “Petra” ဆိုတဲ့ ဂရိစကားလုံးနဲ့ နတ်ဘုရားများရဲ့ ခန္ဓာကိုယ်သွေးကြောထဲမှာစီးဆင်းနေသည့် သွေးကဲ့သို့အရည်လို့ အဓိပ္ပာယ်ရတဲ့ “ichor” စကားလုံးနှစ်ခုကို ပေါင်းစပ်ဆင်းသက်လာတာပါ။ ဒီမြေသင်းနံ့ဖြစ်ပေါ်တဲ့ဖြစ်ရပ်ကို သြစတေးလျသိပ္ပံပညာရှင်နှစ်ဦးက ၁၉၆၄ ခုနှစ်မှာ Petrichor လို့ ဝေါဟာရအသစ်တစ်ခုနဲ့ အမည်သတ်မှတ်လိုက်ပေမယ့် အခုအချိန် မတိုင်ခင်အထိတော့ လေ့လာသူတွေက ဒီလိုရနံ့ထွက်ပေါ်လာပုံရဲ့နောက်ကွယ်က ဖြစ်စဉ်ကိုနားမလည်ခဲ့ကြပါဘူး။

“ဒီဖြစ်စဉ်မှာ မိုးရွာစဉ် မိုးရေစက်ကျရောက်ရာဝန်းကျင်ရှိ သစ်ပင်များကထုတ်လွှတ်လိုက်တဲ့အဆီတွေနဲ့ ဘက်တီရီးယားတွေဆီက အချို့သောဓာတုပစ္စည်းအချို့ကြောင့် မိုးရွာပြီးချိန်မှာ မြေသင်းနံ့ထွက်လာရခြင်းဖြစ်တယ်လို့ သူတို့(လေ့လာသူတွေ) က ဆိုတယ်” လို့ Cambridge ရှိ Massachusetts Institute of Technology မှ စက်မှုအင်ဂျင်နီယာ အကူပါမောက္ခဖြစ်သူ Cullen Buie မှဆိုပါတယ်။

မိုးရေစက်တစ်စက်ဟာ စိမ့်ဝင်နိုင်စွမ်းရှိတဲ့မျက်နှာပြင်တစ်ခု( ဥပမာ မြေဆီလွှာ) နဲ့ ထိတွေ့လိုက်တဲ့အချိန်မှာ သေးငယ်တဲ့လေအိတ်ပူဖောင်းလေးတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီနောက်မှာ အဲဒီလေပူပေါင်းလေးတွေဟာ ရှန်ပိန်ဖန်ခွက်ထဲက ရေမြုပ်ပူဖောင်းလေးတွေလိုပဲ အထက်ကိုအရှိန်နဲ့တက်သွားကြပြီး တစ်ခုသောအမြင့်ကိုရောက်ချိန်မှာ ပေါက်ကွဲထွက်သွားကာ aerosols လို့ခေါ်တဲ့ လွန်စွာသေးငယ်တဲ့ အမှုန်အမွှားလေးများဟာ စပရေးဗူးကဖြန်းထုတ်လိုက်သလို ပတ်ဝန်းကျင်ကို ပြန့်ထွက်သွားပါတယ်။ လေ့လာသူတွေကတော့ ဒီအမှုန်အမွှား aerosol များဟာ မြေသင်းရနံ့ကို ဖြစ်ပေါ်စေတဲ့ပစ္စည်းတွေကို သယ်ဆောင်ထားတယ်လို့ထင်မြင်ထားကြပါတယ်။

မိုးစက်များ ရေမျက်နှာပြင်ပေါ်သို့ကျရောက်ချိန်မှာ Aerosols များကို ဖန်တီးထုတ်လွှတ်နိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေက ဟိုအရင်ကတည်းက ရှာဖွေ့တွေ့ရှိခဲ့ပြီးဖြစ်ပေမဲ့ ဒီတစ်ကြိမ်ဟာ မိုးရေစက် မြေပြင်ပေါ်ကိုကျရောက်တဲ့ဖြစ်စဉ်ကို ပထမဆုံး လေ့လာစူးစမ်းခြင်းဖြစ်ပါတယ်။

မြေဆီလွှာထဲက အလွန်သေးငယ်တဲ့ပိုးမွှားတွေကို လေထုထဲမှာတွေ့ရှိပြီးဖြစ်ပါတယ်။ ဒီ စာတမ်းဟာဆိုရင် ဒီပိုးမွှားတွေဟာ တားခံထားတဲ့လေထုကို ဘယ်လိုဖြတ်ကျော်သွားပြီး လေပြေတိုက်ခတ်မှုကနေ တခြားနေရာတွေကို ပျံနှံ့ရောက်ရှိနိုင်ပုံရဲ့လုပ်ငန်းစဉ်ကို ဖော်ပြထားပါတယ်။ Aerosols တွေက သိသာထင်ရှားတဲ့မွှေးရနံ့ထွက်စေတဲ့ပစ္စည်းတွေကိုသာဖြန့်ဝေရုံသာမက မြေဆီလွှာထဲကဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကိုပါပျံ့နှံ့စေတယ်လို့ သုတေသီတွေကတွေးထင်ကြပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top