နိုင်ငံတော်သမ္မတရုံးနှင့် ဝန်ကြီးဌာနများ၏ သတင်းထုတ်ပြန်ချက်အနှစ်ချုပ်

68877732_1561492063993514_5078859141745737728_n.jpg

နိုင်ငံတော်သမ္မတရုံးနဲ့ ဝန်ကြီးဌာနတွေရဲ့ ဒီသီတင်းပတ်အတွင်းသတင်းထုတ်ပြန်ချက်တွေထဲက သတင်းတချို့ကို ကောက်နုတ်စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁) လှည်းကူးမြို့နယ်မှာ နိုင်ငံတကာအဆင့်မီ KMIC စက်မှုဇုန်တစ်ခုထူထောင်မည်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်သင်တန်းကျောင်း၊ မြေဧရိယာ (၅၅၅.၈၁) ဧက ပေါ်တွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းအကောင်အထည်ဖော်မည့် နိုင်ငံတကာအဆင့်မီ KMIC စက်မှုဇုန်စီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါစက်မှုဇုန်စီမံကိန်းဆောင်ရွက်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့အကြား ဖက်စပ်လုပ်ငန်းသဘောတူစာချုပ်ကို သြဂုတ် (၇) ရက်က ဆောက်လုပ်ရေးဝန်ကြီး ဌာန စုဝေးခန်းမဆောင်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

KMIC စက်မှုဇုန်ထူထောင်မှုသည် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ၊ နိုင်ငံခြားပို့ကုန်ကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍတို့ကိုမြှင့်တင်ပေးနိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ကြီးမားသောအထောက်အပံ့များဖြစ်စေမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

(၂) အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏကို ယွမ် (၂၂၀) သန်းအကုန်အကျခံပြီး နိုင်ငံတကာအဆင့်မီပြန်လည်ပြင်ဆင်မည်

အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏအား ယွမ်( ၂၂၀) သန်း အကုန်အကျခံကာ ခေတ်မီအားကစားလေ့ကျင့်ရေးဆိုင်ရာ ပစ္စည်းများဖြင့် နိုင်ငံတကာအဆင့်မီပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ပြင်ဆင်ရာတွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် လျှပ်စစ်နှင့် စက်ပိုင်းဆိုင်ရာများတပ်ဆင်ခြင်း အပါအဝင် အဆောက်အဦတစ်ခုလုံးအား မူလပုံစံမပျက်ဘဲ ပြင်ဆင်သွားမည်ဖြစ်ပြီး ပြင်ဆင်ချိန်မှာ ၂ နှစ်ခန့် ကြာမြင့်မည်ဖြစ်သည်။

အမျိုးသားအားကစားရုံ(၁)သည် ပရိသတ် တစ်သောင်းကျော်ဆံ့သည့် အားကစားရုံဖြစ်ပြီး ယင်း အားကစားရုံကို တရုတ်နိုင်ငံ၏ ကူညီမှုဖြင့် ၁၉၈၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၈၆ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်သည်။

(၃) ရေဘေးသင့်ပြည်သူတွေအတွက် ငွေကျပ် သိန်း (၃၄၀၀) ကျော်ထောက်ပံ့ပေးပြီးဖြစ်

မြန်မာနိုင်ငံတစ်ဝှမ်း၌ သဘာဝဘေးဒဏ်ခံစားနေရသောဒေသအသီးသီးတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဘေးသင့်ဒေသများအမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့၏ ကြိုတင်ညှိနှိုင်း အစည်းအဝေးကို သြဂုတ် (၁၃) ရက်၊ ညနေပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရေကြီးနစ်မြုပ်မှုများကြောင့် ရေဘေးရှောင်စခန်း (၁၆၆) ခု၊ ရေဘေးသင့်လူဦးရေ (၇၉၃၈၉) ဦး ရှိနေကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ငွေကျပ် (၃၄၄၅) သိန်းကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ သောက်ရေ၊ သုံးရေသန့်ရှင်းမှုအတွက် အသုံးပြုရန် ရေသန့်ဆေးများ ကို ဖြန့်ဝေထားပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။

(၄) EMBA နဲ့ EMPA မဟာဘွဲ့သင်တန်းတွေအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူနေ

ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ပူးပေါင်း၍ နေပြည်တော်တွင်ဖွင့်လှစ်မည့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (EMBA)နှ င့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (EMPA) သင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများခေါ်ယူနေကြောင်း ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

အဆိုပါဝင်ခွင့်လျှောက်လွှာပုံစံများကို အထက (၇) နေပြည်တော်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့တွင် သြဂုတ် (၁၂) ရက်မှစတင်၍ထုတ်ယူနိုင်ပြီဖြစ်ရာ စက်တင်ဘာ (၁၃) ရက်နောက်ဆုံးထား၍ အဆိုပါဌာနများတွင် ပြန်လည်တင်သွင်း လျှောက်ထားရမည်ဖြစ်သည်။

(၅) မုံရွာနဲ့ လွိုင်ကော်မြို့မှာ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း အခမဲ့ဖွင့်လှစ်မည်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့တွင် (၄) ပတ်ကြာမြင့်မည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

ထိုသို့ဖွင့်လှစ်ရာ၌ မုံရွာမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၄) မျိုးကို သြဂုတ် (၁၉) ရက်မှ စက်တင်ဘာ (၁၄) ရက်အထိသင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းဝင်ခွင့်လျှောက်လွှာများကို သြဂုတ် (၁၇) ရက်နောက်ဆုံးထား၍ မုံရွာမြို့ရှိ ချင်းတွင်းမြစ်ဟိုတယ်သို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

အလားတူ လွိုင်ကော်မြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုးကို သြဂုတ် ၂၀ ရက်မှ စက်တင်ဘာ ၁၃ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းဝင်ခွင့်လျှောက်လွှာများကို သြဂုတ် ၁၉ ရက် နောက်ဆုံးထား၍ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(လွိုင်ကော်ရုံးခွဲ)သို့ ပေးပို့လျှောက်ထားရမည် ဖြစ်သည်။

(၆) အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ်ကျင်းပ

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို သြဂုတ် (၁၂) ရက်၊ နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင်ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အမှာစကားပြောကြားရာတွင် ပညာသင်သည့်နေရာတွင် လူငယ်များက လူကြီးများထက်အားသာသောအချက်မှာ အချိန်အပြည့်အဝရှိခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် လက်ရှိပညာရေးစနစ်ကို ကိုယ့်အတွက်သာမက အများအတွက်ပါ မည်သို့အသုံးပြုလျှင်အကောင်းဆုံးဖြစ်မည်နည်းဆိုသည်ကို ဝိုင်းဝန်းကူညီပေးစေချင်ကြောင်းပြောကြားခဲ့သည်။

(၇) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနှင့် အိန္ဒိယနိုင်ငံတို့ထံ သဝဏ်လွှာနှစ်စောင်ပေးပို့

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံးနှင့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီတို့ထံသို့ သဝဏ်လွှာတစ်စောင်စီပေးပို့ ခဲ့သည်။

စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံးထံပေးပို့ခဲ့သည့်သဝဏ်လွှာမှာ သြဂုတ် (၉) ရက်တွင်ကျရောက်သော စင်ကာပူနိုင်ငံ၏ (၅၄)နှစ်မြောက် အမျိုးသားနေ့အခါသမယအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာဖြစ်သည်။

အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီထံ ပေးပို့ခဲ့သည့်သဝဏ်လွှာမှာ သြဂုတ် (၆) ရက်တွင်ကွယ်လွန်ခဲ့သည့် အိန္ဒိယပြည်ပရေးရာဝန်ကြီးဟောင်း ရှရီမတီဆူရှမာဆွာရာ့ဂျ်အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာဖြစ်သည်။

(၈) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းတွေရဲ့ သားသမီးတွေကို ပညာသင်ထောက်ပံ့ကြေးနဲ့ ပညာရည်ချွန်ဆုချီးမြှင့်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား မူလတန်းပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ထူးချွန်ဆုရဝန်ထမ်းများအားဆုချီးမြှင့်ခြင်းအခမ်းအနားကို သြဂုတ် (၉) ရက်၊ မွန်းလွဲ (၁) နာရီက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။

အဆိုပါဆုချီးမြှင့်ပွဲတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားလျက်ရှိသည့် မူလတန်း ကျောင်းသား၊ ကျောင်းသူ (၈၁၀၆) ဦးအတွက် တစ်ဦးလျှင် ပညာသင်ထောက်ပံ့ပစ္စည်းတန်ဖိုး (၄၅၅၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၆.၈၈) သန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိခဲ့ကြသောကျောင်းသား၊ ကျောင်းသူ ၁၉၉ ဦးတို့ကို ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့ပြင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အဖြစ်ဖွင့်လှစ်ခဲ့သည့်သင်တန်းများနှင့် အခြားကဏ္ဍများတွင် ထူးချွန်ဆုရရှိခဲ့ ကြသည့် ဝန်ထမ်း (၈) ဦးကိုလည်း ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပေးအပ်ခဲ့သည်။

(၉) တာမွေဈေး GIS ဓာတ်အားခွဲရုံတည်ဆောက်နေ

တာမွေမြို့နယ်တွင် ၆၆/၁၁/၆.၆ ကေဗွီ ၆၀ အမ်ဗွီအေ တာမွေဈေး GIS ဓာတ်အားခွဲရုံကို တည်ဆောက်လျက်ရှိသည့်အပြင် ယင်းဓာတ်အားခွဲရုံအားဓာတ်အားပေးနိုင်ရန်အတွက် ၆၆ ကေဗွီ ပုသိမ်ညွှန့်ဓာတ်အားခွဲရုံ ၆၆ ကေဗွီဓာတ်အားလိုင်း Double Circuit (၁.၁၄) မိုင်ကိုလည်းတည်ဆောက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

အဆိုပါတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်တို့ရှိ ဓာတ်အားသုံးစွဲသူပြည်သူများထံသို့ အရည်အသွေးပြည့်ဝသောလျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးနိုင်မည့်အပြင် နောင်တိုးချဲ့လာမည့်ဓာတ်အားစနစ်အတွက်လည်းအသင့်ဖြစ်စေကာ ဓာတ်အားပြတ်တောက်မှုများလျော့နည်းစေမည်ဖြစ်သည်။

(၁၀) အာဆီယံယဉ်ကျေးမှုရက်သတ္တပတ် – ၂၀၁၉ ပြပွဲကို ရန်ကုန်မြို့ Junction City မှာဖွင့်လှစ်ပြသ

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ အာဆီယံသံရုံများပူးပေါင်းကျင်းပသည့် အာဆီယံယဉ်ကျေးမှုရက်သတ္တပတ်-၂၀၁၉ ပြပွဲဖွင့်ပွဲကို သြဂုတ် (၁၂) ရက်၊ နံနက် (၁၁) နာရီခွဲက ရန်ကုန်မြို့ရှိ Junction City တွင်ကျင်းပခဲ့ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါပြပွဲကို သြဂုတ် (၁၂) ရက်မှ (၁၈) ရက်အထိဖွင့်လှစ်သွားမည်ဖြစ်ရာ ပြပွဲတွင် အာဆီယံနိုင်ငံများ၏ မတူကွဲပြားသော ရိုးရာဝတ်စားဆင်ယင်မှုနှင့် ပိတ်သားချည်မျှင်တို့ကိုထုတ်ဖော်ပြသထားသည်။ ပြပွဲကျင်းပရခြင်းသည် အာဆီယံအသိုင်းအဝိုင်း နှင့် အာဆီယံ၏ စုံလင်ကြွယ်ဝသော မတူကွဲပြားသည့်ယဉ်ကျေးမှုများကို ပြည်သူများအကြား ပိုမိုသိရှိနားလည် လာစေရန် အတွက်ဖြစ်သည်။

ဓာတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top