Angela Lee ၏ ရုန်းထွက်ရခက်သော ချုပ်ကွက်ကစားနည်း လျှို့ဝှက်ချက်များ

lee_angela-1040x572.jpg

ONE အမျိုးသမီးအက်တမ်ဝိတ်ကမ္ဘာ့ချန်ပီယံ Angela Lee သည် မြေပြင်ကစားကွက် ကျွမ်းကျင်သူဖြစ်သည်။ စင်္ကာပူနိုင်ငံ့ဂုဏ်ဆောင်ကစားသမား Lee သည် ONE Championship ၏ ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာကစားသမားလောကကို မဝင်ရောက်မီက အောင်မြင်သော အပျော်တမ်း နပမ်းမယ်တစ်ဦးအဖြစ် ရပ်တည်ခဲ့သူဖြစ်သည်။ ထို့နောက် ONE Championship တွင် ပြိုင်ပွဲ ၆ ပွဲကို ချုပ်ကွက်ဖြင့် အနိုင်ယူနိုင်ခဲ့ကာ ၎င်း၏ ချုပ်နည်းကစားကွက်များသည် အထူးပင်ကျော်ကြားလာခဲ့သည်။

ယခုအခါ Lee သည် ဟာဝိုင်ရီရှိ ၎င်းမိသားစုပိုင် အားကစားရုံတွင် ဘရာဇီးဂျူဂျစ်ဆုကို သင်ကြားပေးလျက်ရှိသည်။ Lee က နပမ်းစွမ်းရည်များနှင့်ပတ်သတ်၍ ၎င်း၏ အကောင်းဆုံး နည်းလမ်းများကို မျှဝေပေးခဲ့ပါသည်။

၁။ မိမိကိုယ်ကို ကန့်သတ်ချက်များ မထားပါနှင့်

တစ်ခါတရံ အချို့သော နပမ်းသမားများသည် ပြိုင်ဘက်ကကောင်းစွာကာကွယ်နိုင်ပုံရသည့်တိုင် ချုပ်ကွက်တစ်ကွက်တည်းကိုသာ ပြီးဆုံးသည်အထိ မရရအောင် ချုပ်နှောင်ကစားလေ့ရှိသည်။ သို့သော် သင်သည် အခြေအနေပေါ်မူတည်၍ အခြားသောကစားကွက်ပြောင်းသုံးနိုင်ရန်လည်း အရေးကြီးသည်ဟု Lee က ဆိုသည်။

“ချုပ်ကွက်နဲ့ ကစားမယ်ဆိုရင် ရွေးချယ်ရမည့်ကစားနည်းတွေရှိထားသင့်တယ်။ ပထမကစားနည်းနဲ့ အဆင်မပြေရင် ဒုတိယကစားနည်းကို ချက်ချင်းပြောင်းကစားပါ။ ဒုတိယကစားကွက်ပါ အလုပ်မဖြစ်ရင်တော့ တတိယကစားကွက်ကို ရွေးပါ။ မတူညီတဲ့ကစားကွက် အပြောင်းအလဲတွေ ထားရှိပါ။ ကစားကွက်တစ်ခုကနေ တစ်ခုပြောင်းလဲကစားပါ။
ပြီးတော့ ကစားကွက်တစ်ခုနဲ့ တစ်ခုအကြား အချိန်တိုအတွင်း ပြောင်းလဲနိုင်ခြင်းဟာ သင့်ကစားပုံကို ထူးခြားစေပါတယ်” ဟု Lee က ပြောကြားခဲ့သည်။

၂။ မိမိခွန်အားအတိုင်းအတာကိုသိပါ

နပမ်းကစားရာ၌ လူတိုင်းတွင် မိမိနှစ်သက်ရာကစားကွက်များ ရှိတတ်ကြပြီး မည်သည့်ကစားကွက်၊ မည်သည့်တိုက်ခိုက်နည်းက မိမိအတွက် အသင့်လျော်ဆုံးဖြစ်မည်ကို သိသင့်ပေသည်။

“မိမိရဲ့နပမ်းကစားတဲ့ပုံစံကိုသိနေဖို့ အရေးကြီးပါတယ်။ ကိုယ်နှစ်သက်တဲ့ ကစားကွက်ကို သိထားပါ။ ကိုယ်က အထက်စီးကနေချုပ်ပြီး ကစားရတာ အားသာတဲ့သူလား။ မြေပြင်မှာကပ်ပြီး အကာအကွယ်ယူချုပ်ပြီး ကစားရတာ အားသာသူလား။ မိမိအားသာချက်ကို အသုံးချပြီး ကစားသင့်ပါတယ်။” ဟု Lee က အကြံပြုခဲ့သည်။

၃။ မိမိအနေအထားကို သတိထားပါ

နပမ်းကစားသည့်အချိန်တွင် မိမိ၏အနေအထားကို အမြဲသုံးသပ်ပြီး ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။ ထိုးနှက်တိုက်ခိုက်ရန် အချိန်ကို ရွေးချယ်ဆုံးဖြတ်ပြီး မိမိ၏ ခွန်အားကို အကျိုးရှိစွာအသုံးချတတ်ရန် အရေးကြီးသည်။ တစ်ချိန်တည်းမှာပင် မည့်သည့်အချိန်တွင် လှုပ်ရှားတိုက်ခိုက်ရမည်ကို ပြိုင်ဘက်၏ အသက်ရှုပုံနှင့်
လှုပ်ရှားမှုများကို အကဲဖြတ်ကာ ဆုံးဖြတ်သင့်သည်။

“ဘယ်အချိန်မှာ လှုပ်ရှားရမယ်၊ ဘယ်အချိန်မှာ အနားယူရမလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲတွေ ထိုးသတ်ပွဲတွေမှာ အနေအထားတစ်ခုတည်းမှာ ငြိမ်မနေဘဲ အနေအထားမြန်မြန်ပြောင်းပြီး လှုပ်ရှားရတဲ့အခြေအနေတွေလည်း ရှိတတ်လို့ပါ။ ပြီးတော့ အသက်ကောင်းကောင်းရှုပြီး အနားယူရတဲ့ အနေအထားတွေလည်းရှိပါတယ်” ဟု ချန်ပီယံ Lee က ရှင်းပြသည်။

Ref: ONE Championship “Angela Lee’s Tips for Better Submissions”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top