ONE: Masters of Fates ပြိုင်ပွဲမှ အကောင်းဆုံး လက်စွမ်းပြခဲ့သည့် ကစားသမား ၄ ဦး

yyl-025-6.jpg

အာရှ၏ အကောင်းဆုံး ကိုယ်ခံပညာ ပြိုင်ပွဲကြီး ONE Championship ၏ ၁ဝ၂ ပွဲမြောက် ပြိုင်ပွဲဖြစ်သော ONE: Masters of Fate ပြိုင်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ မြို့တွင် ကျင်းပခဲ့သည်။ စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ အပါအဝင် ပွဲပေါင်း ၁၃ ပွဲ ထည့်သွင်း ကျင်းပခဲ့သည့် အဆိုပါ ပြိုင်ပွဲတွင် ကစားသမား ၂၆ ဦးက ၎င်းတို့၏ အကောင်းဆုံး စွမ်းရည်များ ကိုပြသခဲ့ကြသည်။ ယင်းကစားသမားများ အနက်မှ အကောင်းဆုံး လက်စွမ်း ပြနိုင်ခဲ့သည့် ကစားသမား အချို့ အကြောင်း စုစည်း တင်ပြ လိုက်ရပါသည်။

(၁) Joshua Pacio

ONE Championship ၏ စတောဝိတ်တန်း ချန်ပီယံ ဖိလစ်ပိုင်သား Joshua “The Passion” Pacio အတွက် Rene “The Challenger” Catalan က လွယ်ကူသည့် ပြိုင်ဘက် မဖြစ်ခဲ့ပေ။ Pacio နှင့် Catalan တို့သည် ပွဲအစပိုင်းတွင် တစ်ဦးနှင့်တစ်ဦး ဟာကွက်ကို ချောင်းကစား နေရင်း Pacio ၏ ထိမိသောနောက်ပြန် ကန်ချက် တစ်ချက်မှလွဲ၍ ထိရောက်သည့် တိုက်ခိုက်မှု မပြုလုပ် နိုင်ခဲ့သည်ကို တွေ့ရသည်။ Pacio သည် ပြိုင်ဘက်ကို ကြမ်းပြင်ပေါ် လှဲချနိုင်ခဲ့ပြီး မြေပြင် တိုက်ခိုက်မှုချင်း အားပြိုင်ခဲ့ရ သော်လည်း ပွဲသိမ်းတိုက်ကွက် မထုတ်နိုင်ခဲ့ဘဲ ပထမအချီ ပြီးဆုံးခဲ့သည်။

ဒုတိယ အချီတွင်မူ ကစားသမား နှစ်ဦစလုံး မတ်တပ်ရပ် တိုက်ခိုက်မှုဖြင့် အားစမ်း နေရင်းက Catalan က Pcaio ၏ ခြေထောက် တစ်ဘက်ကို ဖမ်းဆွဲပြီး ကြမ်းပြင်ပေါ် လှဲချနိုင်ရန် ကြိုးစားခဲ့သည်။ သို့သော် Pacio ကလည်း အလွယ်တကူ လှဲချမခံဘဲ Catalan ကို ပြန်လည် ချုပ်ကိုင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ကစားသမား နှစ်ဦးစလုံး မြေပြင် ကစားကွက်ချင်း ယှဉ်ပြိုင်နေရင်း ပွဲချိန် ၂ မိနစ်ကျော်တွင် arm-triangle ချုပ်ကွက်ဖြင့် pacio က ပိုင်ပိုင်နိုင်နိုင် ချုပ်နိုင်ခဲ့သည်။ Catalan လည်း Pacio ၏ ချုပ်ကွက်ကို မည်သို့မျှ မရုန်းနိုင် တော့သဖြင့် အရှုံးပေးခဲ့ရပြီး Pacio ၏ စတောဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ဆက်လက် ထိန်းသိမ်း နိုင်စေရန် ခွင့်ပြုပေး ခဲ့ရသည်။

(၂) Li Kai Wen

ONE Championship ၏ အကောင်းဆုံး တရုတ် ကစားသမားထဲမှ တစ်ဦးဖြစ်သည့် “The Underdog” Li Kai Wen သည် အင်ဒိုနီးရှား ကစားသမား Paul “The Great King” Lumihi နှင့် ရင်ဆိုင်ရသည့် ပွဲတွင် ပထမ အချီနှင့် အလဲထိုး အနိုင်ယူ ခဲ့သည်။ ONE Championship ဖယ်သာဝိတ်တန်း တံခွန်စိုက် ချန်ပီယံဟောင်း Li သည် ယခုပွဲတွင် ပွဲစကတည်းက Lumihi နှင့် ဆိုင်ထိုး ပြိုင်ထိုး ခဲ့ရပြီး ကစားသမား နှစ်ဦးစလုံး သူတင်ကိုယ်တင် အပြိုင်ကျဲခဲ့ကြသည်။ Limihi သည် ပေါက်ကွဲအား ပြင်းသည့် ကစားဟန်ဖြင့် ရင်ဆိုင်ခဲ့သဖြင့် Li အတွက် ပြိုင်ဘက်ကို ဆိုင်ထိုးရန်မှတပါး ရွေးချယ်စရာ မရှိသည့် အခြေအနေ ဖြစ်ခဲ့သည်။

ပွဲချိန် ကြာလာသည်နှင့်အမျှ Li က ပွဲကို ပြန်လည်စိုးမိုး လာနိုင်ပြီး Limihi ကို ကြမ်းပေါ် လှဲချကာ အပေါ်စီးမှ ဖိထိုးရန် ကြိုးစားခဲ့သည်။ သို့သော် Limihi က ပြန်လည် ရုန်းထနိုင်ခဲ့ပြီး Li ကို တကျော့ပြန် တိုက်စစ်ဆင်ခဲ့သဖြင့် ကစားသမား နှစ်ဦး မတ်တပ်ရပ် တိုက်ခိုက်မှု အနေအထား ပြန်လည် ရောက်ရှိခဲ့သည်။ သူတပြန် ကိုယ်တပြန် တိုက်စစ်ဆင် နေရင်းက ပွဲချိန် ၂ မိနစ် ကျော်ကျော်တွင် Li ၏ လက်သီးချက် များက Limihi ကို ဆက်တိုက် ထိမှန်ခဲ့ပြီး နောက်ဆုံးတွင် Li ၏ ဘယ်ညာ တွဲလုံးများကို Lumihi မခုခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ် လဲကျသွားသဖြင့် Li က အလဲထိုး အနိုင်ရခဲ့ခြင်း ဖြစ်သည်။

(၃) Stamp Fairtex

ONE Championship ၏ မတူညီသော အားကစား ၂ ခုဖြစ်သည့် မွေထိုင်းနှင့် Kickboxing ပြိုင်ပွဲများတွင် အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်များ သိမ်းပိုက်ထားသူ Stamp Fairtex သည် ဗီယက်နမ်သူ Bi “Killer Bee” Nguyen ကို သုံးချီသုံးလား အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးမှ အမှတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အရပ်အမောင်းနှင့် ခြေဆံလက်ဆံ အားသာသည့် Stamp သည် ယင်းပွဲတွင် Nguyen ကို တစ်ပွဲလုံး နီးပါး အသာစီး ကစားနိုင်ခဲ့ပြီး ပြိုင်ဘက်၏ တိုက်စစ်ကို ခြေဖျက်ကာ တန်ပြန်တိုက်စစ်ဖြင့် ထိထိမိမိ ရင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပွဲအစပိုင်းတွင် ကစားသမား နှစ်ဦးစလုံးသည် မတ်တပ်ရပ် တိုက်စစ်ဆင်မှုကို အသားပေး ကစားခဲ့ရာ မွေထိုင်း ချန်ပီယံ Stamp ကို Nguyen မယှဉ်နိုင်ခဲ့ သည်ကိုတွေ့ရသည်။ ထို့ကြောင့် Nguyen က မြေပြင်ချုပ်ကွက်ဖြင့် ရင်ဆိုင်ရန် ကြိုးပမ်းခဲ့သည့် အခါတွင်လည်း Stamp က မြေပြင်တိုက်ခိုက်မှု စွမ်းရည်ကို အသာစီး မရခဲ့ကြောင်း တွေ့ရသည်။ ၎င်းတို့ နှစ်ဦးသည် ပွဲချိန် ၃ ချီ အတွင်း မတ်တပ်ရပ် တိုက်ခိုက်မှုှနှင့် မြေပြင်အချုပ် စွမ်းရည်ကို တလှည့်စီ အားပြိုင်ခဲ့ကြပြီး ပွဲချိန် ၃ ချီ ပြည့်သည် အထိ အရှုံးအနိုင် အဖြေမပေါ် သဖြင့် ဒိုင်ဆုံးဖြတ်ချက် ရယူခဲ့ရာ သုံးချီလုံးလုံး အသာစီး ရခဲ့သည့် Stamp က အနိုင်ရခဲ့သည်။

(၄) Yoshitaka Naito

ONE Championship ၏ စတောဝိတ်တန်း ချန်ပီယံဟောင်း Yoshitaka “Nobita” Naito သည် ယခုပွဲတွင် ထိုင်းလူငယ် ကစားသမား Pongsiri “The Smiling Assassin” Mitsatit နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ မြေပြင်ချုပ်ကွက် အားသန်သည့် Naito အတွက် မွေထိုင်း ကစားသမားဟောင်း Mitsatit နှင့် ရင်ဆိုင်ရခြင်းက လွယ်ကူသည့် ပွဲတစ်ပွဲ မဖြစ်စေခဲ့ဘဲ အချီတိုင်း ခက်ခက်ခဲခဲ ကစားခဲ့ ရသည်။ သို့သော်လည်း Naito က ဝါရင့် ကစားသမား ပီပီ တစ်ပွဲလုံး အကောင်းဆုံး ထိန်းကစား နိုင်ခဲ့ပြီး ပြိုင်ဘက် အားသာသည့် လက်သီးချက် များကို ထွက်မလာအောင် မြေပြင် ကစားကွက်ဖြင့် ထိန်းချုပ် ကစားခဲ့သည်။

ပထမ အချီကတည်းက မြေပြင်ချုပ်ကွက် အသာစီး ရခဲ့သည့် Naito သည် Mitsatit ကို ပွဲမသိမ်း နိုင်သည့်တိုင် ဆက်တိုက် ဖိအားပေး ကစားနိုင်ခဲ့ပြီး ဒုတိယ အချီတွင် armbar ချုပ်ကွက်ဖြင့် ပွဲသိမ်း နိုင်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော်လည်း Mitsatit က ခွန်အား ကောင်းသည့် လူငယ် ကစားသမား ဖြစ်သည့်အတွက် Naito ၏ ချုပ်ကွက်တိုင်းကို ပြန်လည် ရုန်းထွက်နိုင်ခဲ့ပြီး ပွဲချိန် ၃ ချီ အတွင်း အရှုံးမပေး ရစေရန် ခုခံကစား နိုင်ခဲ့သည်။ ပွဲချိန် ၃ ချီ ပြည့်သည်အထိ ကစားသမား နှစ်ဦးစလုံး အရှုံးအနိုင် ပေါ်အောင် မကစား နိုင်ခဲ့သဖြင့် ဒိုင်ဆုံးဖြတ်ချက် ရယူခဲ့ရာ တစ်ပွဲလုံး မြေပြင်ချုပ်ကွက် စိုးမိုးခဲ့သည့် Naito က အနိုင်ရခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top