အန်တိုနီယာ၏ ငယ်ဘဝအမှတ်တရများနှင့် ကြိုးဝိုင်းထဲမှစိန်ခေါ်မှုများအတွက်တွန်းအား

ဖြူဖြူသွယ်သွယ် နုနုနယ်နယ်နှင့် ရုပ်ရည် သန့်ပြန့်သည့် အန်တိုနီယာကို ကြိုးဝိုင်းအတွင်း မြင်ဖူးသည့်သူမဟုတ်လျှင် ကိုယ်ခံပညာအားကစားသမားတစ်ယောက်ဟု အလွယ်တကူယုံကြည်ကြလိမ့်မည် မဟုတ်ပေ

“အန်တိုနီယာ … အန်တိုနီယာ … အန်တိုနီယာ …”

အားကစားရုံကြီးတစ်ခုလုံးတွင် ၎င်း၏အမည်ကို အော်ဟစ်အားပေးနေသည့်အသံများ ဆူညံပွက်လောရိုက်နေသည်။ ကြိုးဝိုင်းအကူအဖြစ် ပါဝင်ကူညီနေသည့် အောင်လအန်ဆန်က မြန်မာနိုင်ငံအလံကို အန်တိုနီယာ၏ ပုခုံးပေါ်တွင် ခြုံလွှမ်းပေးလိုက်သည်။ ဒိုင်လူကြီးက ၎င်း၏ လက်တစ်ဘက်ကိုကိုင်မြှောက်ကာ အနိုင်ရရှိကြောင်း ကြေညာလိုက်သည့်အခါတွင် ပရိသတ်သြဘာပေးသံများက တစ်ရုံလုံးပွင့်ထွက်သွားမတတ် တစ်ခဲနက်ထွက်ပေါ်လာသည်။

ယင်းမြင်ကွင်းမှာ ပထမဆုံး မြန်မာအမျိုးသမီးကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားမယ် ဘိုဇီနာအန်တိုနီယာနှင့် မလေးရှား အားကစားမယ် Audreylaura Boniface တို့၏ ပွဲစဉ်အပြီး မြင်ကွင်းဖြစ်သည်။ တစ်ချိန်က ကယားပြည်နယ်ရှိ ကျေးရွာလေးတစ်ရွာမှ မထင်မရှား ကယန်းတိုင်းရင်းသူလေးတစ်ယောက်အနေဖြင့် သုဝဏ္ဏမိုးလုံလေလုံအားကစားရုံကြီးတွင် အိမ်ရှင်ပရိသတ်များရှေ့၌ ပြိုင်ဘက်ကိုအနိုင်ယူပြီး နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

“ကိုယ့်နိုင်ငံမှာ ကျင်းပရတယ်ဆိုတော့ တာဝန်ကြီးတယ်ပေါ့နော်။ ပြိုင်ဘက်က သိပ်ကောင်းတဲ့ထဲမှာမပါပေမဲ့ ကိုယ်ကရှုံးလို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ကစားခဲ့ရတာ” ဟု To To ဟု ကြိုးဝိုင်းနာမည်ရထားသည့် အန်တိုနီယာက ယင်းပွဲအပြီးတွင် တိုင်းရင်းသူပီပီ ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။

ယခုကဲ့သို့ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားပြိုင်ပွဲကြီးတွင် နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်ကာ တိုင်းသိပြည်သိ အောင်မြင်မှုများရရှိလာလိမ့်မည်ဟု အန်တိုနီယာအနေဖြင့် ကလေးဘဝက အိပ်မက်ပင်မမက်ဖူးခဲ့။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မွေးဖွားခဲ့ပြီး ကယားပြည်နယ်တွင် ကြီးပြင်းလူလားမြောက်ခဲ့သူ အန်တိုနီယာသည် ငယ်စဉ်ကလေးဘဝက ကိုယ်ခံပညာအားကစားများကို စိတ်ပါဝင်စားခဲ့သူမဟုတ်ဘဲ အဆို၊ အက၊ အတီး၊ အမှုတ်များကိုသာခုံမင်သည့် သာမန်တိုင်းရင်းသူ မိန်းကလေးတစ်ဦးအဖြစ်သာ နေထိုင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်မက အဲဒီမှာပဲနေတော့ အလုပ်အကိုင်ကလည်း တောင်ယာလယ်ယာပဲပေါ့။ အဲဒါလုပ်ပြီးတော့ အသက်မွေးရတာပေါ့။ ကျောင်းက လွိုင်ကော်၊ နာနတ်တောကျောင်းမှာ တက်ခဲ့တယ်။ အထက်တန်းကတော့ နောင်ယန်းဘက်က အ.ထ.က (၃) ဘက်မှာ ပြောင်းတက်တယ်။ ဆယ်တန်းကို (၂) လ လောက်ပဲ တက်ဖြစ်တယ်” ဟု အန်တိုနီယာက ၎င်း၏ ငယ်ဘဝဖြတ်သန်းမှုများနှင့်ပက်သက်၍ ပြန်ပြောင်းပြောပြခဲ့သည်။

အန်တိုနီယာသည် ငယ်စဉ်က အဆို၊ အကကို ဝါသနာပါလွန်းသဖြင့် ရန်ကုန်သို့သွားပြီး အောင်မြင်အောင်ကြိုးစားလိုသည့် ဆန္ဒရှိခဲ့ဖူးသည်။ သို့သော် မိဘများက ခွင့်ပြုလိုက်လျောခြင်းမရှိသဖြင့် ကျောင်းဆက်မတက်တော့သည်အထိ အိမ်နှင့် အတိုက်အခံပြုလုပ်ခဲ့ဖူးသည်ဟုသိရသည်။ တောင်ယာလုပ်ကိုင်သူဖခင်နှင့် ကျောင်းဆရာမမိခင်တို့က အထွေးဆုံးသမီးကလေးကို မိဝေးဖဝေး မျက်စိကွယ်ရာတွင်ထားရန် စိတ်မချသဖြင့် အနုပညာရှင်ဖြစ်နိုင်သည့်လမ်းကြောင်းမှ သွေဖီခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် ထူးချွန်သည့်အမျိုးသမီးဘောလုံးသမားတစ်ဦးအဖြစ် ရန်ကုန်အား/ကာသိပ္ပံတွင် ပညာသင်ယူရမည့်အခွင့်အရေးကိုရခဲ့ဖူးသေးသော်လည်း မိဘများက ခွင့်မပြုပြန်သဖြင့် ဘောလုံးအားကစားကို စွန့်လွှတ်ခဲ့ရပြန်သည်။

ကိုယ်ခံပညာအားကစားနှင့်ပတ်သက်၍လည်း အန်တိုနီယာက “အနောက်တိုင်းလက်ဝှေ့အတွက် ဆရာတွေက အမျိုးသမီး တိုင်းနဲ့ပြည်နယ်အဆင့်ပြိုင်ပွဲမှာ ကယားပြည်နယ် ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်ဖို့ခေါ်တော့ အနောက်တိုင်းလက်ဝှေ့ဆိုတာကို အရင်ကမတွေ့ဖူးဘူး။ ရိုးရာလက်ဝှေ့တောင်မှ တီဗွီထဲမှာပဲ မြင်ဖူးတာ။ အဲဒီတော့ အနောက်တိုင်းလက်ဝှေ့က ဘယ်လိုလဲမသိဘူး၊ ရိုးရာလက်ဝှေ့ပဲသိထားတာမို့ သွားထိုးကြည့်မယ်ကွာဆိုပြီးတော့ အဖေနဲ့ နည်းနည်းစကားများပြီး အနောက်တိုင်းလက်ဝှေ့ကို လိုက်ထိုးတာပေါ့နော်။ အိမ်ကသဘောမတူဘူး” ဟု ပြောပြခဲ့သည်။

လက်ဝှေ့ဝါသနာအတွက် မိသားစုနှင့် အကြိမ်ကြိမ်အတိုက်အခံဖြစ်ခဲ့ရပြီး နောက်ဆုံးတွင် ပြည်နယ်နှင့်တိုင်းလက်ဝှေ့ပြိုင်ပွဲအတွက် နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်ရန် ခွင့်တောင်းသည့်အခါ မိသားစုနှင့် အကြီးအကျယ်စကားများခဲ့သည်။ ယင်းအချိန်ကတည်းက အန်တိုနီယာသည် လူငယ်မာနဖြင့် အောင်မြင်မှုမရလျှင်ပြန်မလာဟုစိတ်ပိုင်းဖြတ်၍ မွေးရပ်မြေမှ ထွက်လာခဲ့ခြင်းဖြစ်သည်။

အန်တိုနီယာသည် လက်ဝှေ့တွင် ရွှေတံဆိပ်များဆွတ်ခူးသည်အထိအောင်မြင်မှုများရခဲ့ဖူးသော်လည်း စားဝတ်နေရေးအတွက် ကိုယ်ကာယကြံ့ခိုင်ရေးနည်းပြအဖြစ်အသက်မွေးခဲ့ရကာ နောက်ဆုံးတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကသို့ ကူးပြောင်းလာခြင်းဖြစ်သည်။

“အိမ်က အခုတော့သဘောတူပါပြီ။ အမေဆို အရင်ကတအားစိတ်ပူတယ်။ အဖေကတော့ အားပေးတယ်။ ကိုယ်ထိခိုက်နာကျင်တယ်ဆိုတာတောင် ဂရုမစိုက်နဲ့၊ ထိုးသာထိုးဆိုပြီး အားပေးတယ်။ မောင်နှမငါးယောက်ထဲမှာ ကျွန်မကအငယ်ဆုံး၊ အကြီးတွေထဲမှာလည်း ကိုယ်ခံပညာကစားတဲ့သူ မရှိဘူးလေ။ မိသားစုမှာ ကျွန်မတစ်ယောက်တည်းပဲ ကစားတာကိုး” ဟု အန်တိုနီယာက မိသားစုနှင့် လတ်တလောအနေအထားကို ပြောပြသည်။

အန်တိုနီယာက ၎င်း၏စိတ်ဓာတ်ခွန်အားကိုမြှင့်တင်ရန် တိုင်းပြည်အတွက်ဟူသောခံယူချက်ကို အမြဲထားရှိသည်ဟုလည်း ဆိုသည်။ အန်တိုနီယာသည် လက်ရှိတွင် ပွဲ (၃) ပွဲသာ ကစားရသေးပြီး၊ မြန်မာနိုင်ငံသူ ရွှေစင်နှင့် မလေးရှားနိုင်ငံသူ Boniface တို့ကို အနိုင်ရထားကာ ထိုင်းနိုင်ငံသူ Rika Ishige ကို ရှုံးနိမ့်ထားသည်။

“ONE Championship ပြိုင်ပွဲကြီးက သိပ်ကိုပရော်ဖက်ရှင်နယ်ဆန်တယ်။ ဒီပြိုင်ပွဲမှာ ကစားရတာ ပျော်တယ်။ ကျွန်မဘဝမှာ ဒီလိုပြိုင်ပွဲမျိုး တစ်ခါမှမကြုံဖူးဘူး။ ဒီအားကစားမှာ ပန်းတိုင်အဆုံးထိရောက်ဖို့ မျှော်လင့်ထားတယ်။ ကျွန်မ အသက်အရွယ်နဲ့လည်း အဆုံးထိရောက်အောင် ကစားနိုင်မယ်လို့ မျှော်မှန်းတယ်” ဟု အန်တိုနီယာက ၎င်း၏ရည်မှန်းချက်များအကြောင်းဖွင့်ဟခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top