ဆာဟာရသဲကန္တာရကို ကျော်ဖြတ်ပြီး မိုင် ၈၀၈၀ ခရီး ဆိုင်ကယ်စီးခဲ့သူ

2-6-2022-yyl01.jpg

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့အထိ မိုင် ၈၀၈၀ ခရီး ဆိုင်ကယ်စီးခဲ့တဲ့ စွန့်စားသူတစ်ယောက်က သဲမုန်တိုင်း ၂ ကြိမ် ကြုံခဲ့ပြီး ရေပြတ်လပ်ခဲ့လို့ သေလုဆဲဆဲ ဖြစ်ခဲ့တဲ့အကြောင်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။ လန်ဒန်မြို့မှာ အခြေစိုက်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသား အဒီယန်ဂျူဟာ ပိုလီယိုရောဂါတိုက်ဖျက်ရေးအတွက် ရန်ပုံငွေ တိုးမြှင့်ရရှိစေဖို့ နိုင်ငံပေါင်း ၁၁ နိုင်ငံ၊ မြို့ပေါင်း ၃၁ မြို့ကို ကျော်ဖြတ်ပြီး ၄၁ ရက်ကြာ ခရီးနှင်ခဲ့တာပါ။

” ပိုလီယိုရောဂါက ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးကိစ္စပါပဲ။ ကလေးဘဝမှာ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း ပိုလီယိုဖြစ်တယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ ရေကူး၊ ဘောလုံးကန်ကြတဲ့အခါ သူမပါနိုင်ဘူး။ ဝမ်းနည်းစရာကောင်းတာကတော့ ပြီးခဲ့တဲ့နှစ်ပိုင်းမှာပဲ ကျွန်တော့်သူငယ်ချင်း ကွယ်လွန်သွားခဲ့ပါပြီ။ သူသာ ပိုလီယိုမဖြစ်ခဲ့ဘူးဆိုရင် ဒီနေ့အချိန်အထိ အသက်ရှင်နေလောက်ပါသေးတယ်” လို့ အဒီယန်ဂျူက ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က နိုင်ဂျီးရီးယားနိုင်ငံမှာ ပိုလီယိုရောဂါ ကင်းစင်ပြီလို့ ၂၀၂၀ ပြည့်နှစ်မှာ ကြေညာခဲ့ပေမဲ့ ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ ပိုလီယိုအကြောသေရောဂါ ဖြစ်ပွားမှုတချို့ ရှိနေဆဲပါပဲ။

အဒီယန်ဂျူဟာ ကမ္ဘာ့အကြမ်းတမ်းဆုံးလမ်းပိုင်းတွေကို ကျော်ဖြတ်ပြီး ဆိုင်ကယ်ခရီးနှင်ခဲ့တာပါ။ အက်တလက်စ်တောင်ထိပ်ကို ရောက်ရှိစေမယ့် တိုင်ဇီအန်တိုင်ချာလမ်းကို ၁ နာရီခွဲကြာ ကျော်ဖြတ်ရတာကတော့ သူ့ဘဝတစ်သက်တာမှာ အခက်ခဲဆုံး အချိန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ” တစ်စက္ကန့်လောက် သတိမကပ်မိတာနဲ့ ချောက်ထဲ ကျသွားနိုင်တဲ့လမ်းပါ။ အင်မတန်ဖိအားများတယ်။ ဒါပေမဲ့ တောင်ထိပ်ရောက်သွားတဲ့အချိန်မှာ မြင်ရတဲ့မြင်ကွင်းကတော့ ဖိအားခံစားရတာတွေနဲ့ တန်လွန်းပါတယ်” လို့ အဒီယန်ဂျူက ဆိုပါတယ်။

အက်တလက်စ်တောင်ထိပ်ကို ကျော်လွန်ခဲ့ပြီး နောက်မှာတော့ အပူချိန် ၅၃ ဒီဂရီဆဲလ်စီးယက်ရှိတဲ့ ဆာဟာရသဲကန္တာရကို ကျော်ဖြတ်ရပါတယ်။ သူက တစ်နေ့ကို ကီလိုမီတာ ၁၀၀၀ နှုန်း ခရီးနှင်ပြီး သဲကန္တာရကို ၇ ရက်ကြာ ဖြတ်သန်းခဲ့တာပါ။ ” ဆာဟာရသဲကန္တာရက ခက်ထန်ကြမ်းတမ်းတဲ့ဝန်းကျင်ပါပဲ။ အသက်ရှင်သန်မှုကိုအထောက်အကူပေးတဲ့နေရာမျိုးမဟုတ်ဘူး။ ဆာဟာရက အသက်နုတ်ယူဖို့ စောင့်နေတာပါ။ အမှားတစ်ချက်လုပ်မိတာနဲ့ ပြန်မလာနိုင်တော့မယ့် နေရာပဲ။ သဲမုန်တိုင်း ၂ ကြိမ် ကြုံတယ်။ မိနစ် ၃၀၊ ၄၀ လောက် ကြာတယ်။ ဆိုင်ကယ်ကို မှောက်ထားပြီး မုန်တိုင်း ဖြတ်မသွားမချင်း ကျွန်တော်လည်း ဝပ်နေရတယ်” လို့ သူက ပြောပါတယ်။

မုန်တိုင်းကို ကျော်လွန်ခဲ့ပြီးနောက်မှာတော့ သောက်ရေပြတ်လပ်သွားလို့ သေလုနီးပါး ဖြစ်ခဲ့ပါသေးတယ်။ ကီလိုမီတာ ၄၅၀ ခရီးဆက်ရဦးမယ့်အချိန်မှာ ရေတစ်လီတာဘူး တစ်ဘူးပဲ ကျန်တော့တာပါ။ ရေဓာတ်ခန်းပြီး လမ်းပျောက်နေတုန်း Land Rover ကားတစ်စီးကို ဖျက်ခနဲတွေ့လိုက်လို့ သူ အရမ်းဝမ်းသာသွားခဲ့ပါတယ်။ ကန္တာရထဲကို အလည်ထွက်လာသူတွေနဲ့ ဆုံခဲ့တာပါ။

” ကျွန်တော် ပြောတဲ့စကားတွေက ဗလုံးဗထွေးဖြစ်နေတာ။ ဒါပေမဲ့ သူတို့က မပြောနဲ့တော့၊ မပြောနဲ့တော့ဆိုပြီး ကျွန်တော့်ကို ကားထဲက ၁.၅ လီတာ ရေဘူး ၂ ဘူး ထုတ်ပေးခဲ့တယ်။ သူတို့နဲ့သာ မတွေ့ခဲ့ဘူးဆိုရင် ကျွန်တော် ဒီနေ့ ဒီနေရာမှာ ရှိနေပါ့မလား မပြောတတ်ပါဘူး” လို့ အဒီယန်ဂျူက ပြောပါတယ်။ သူဟာ ကန္တာရထဲ ဖြတ်သန်းခဲ့ချိန်အတွင်း အနီးပတ်ဝန်းကျင်မှာ လူတစ်ယောက်မျှ မရှိဘဲ စကားပြောသံတွေကြားခဲ့ရပေမဲ့ သိပ္ပံသဘောတရားအရ ပြန့်ပြူးတဲ့မြေပြင်မှာ အသံတွေက အလွန်ကွာဝေးတဲ့နေရာအထိ ရောက်ရှိလာနိုင်တယ်ဆိုတာ တွက်ဆမိခဲ့လို့ ကြောက်လန့်ခဲ့တာမျိုး မရှိဘူးလို့ သူက ဆိုပါတယ်။

သူ့ရဲ့ခရီးစဉ်အကြောင်း လူမှုကွန်ရက်ပေါ် ဖော်ပြချိန်မှာတော့ အဒီယန်ဂျူကို အားပေးသူ ပရိသတ်အများအပြားရှိခဲ့ပြီး မာလီဝန်ကြီးချုပ် မိုင်ဂါကတောင် သူနဲ့ လူချင်းတွေ့ဆုံခွင့်ရဖို့ ဖိတ်ကြားခဲ့ပါတယ်။ နိုင်ငံပေါင်း ၇၅ နိုင်ငံကို သွားရောက်ခဲ့ဖူးတဲ့ အဒီယန်ဂျူက သူ့ရဲ့ခရီးစဉ်မှာ အံ့အားသင့်စရာအကောင်းဆုံး ဖြစ်ခဲ့တာကတော့ မမျှော်လင့်ဘဲ အာဖရိကတိုက်အကြောင်း ကောင်းကောင်းသိခဲ့ရတာပဲလို့ ဆိုပါတယ်။

” ဒီခရီးစဉ်မတိုင်ခင်က CIA World ကနေ ကျွန်တော် သွားရမယ့်နိုင်ငံတွေအကြောင်း လိုက်ဖတ်ကြည့်တယ်။ ဥပမာပြောရရင် ဘာကီနာဖာဆိုနိုင်ငံနဲ့ပတ်သက်ပြီး ဖတ်ထားဖူးတာတွေကြောင့် ကျွန်တော့်ခရီးစဉ်မှာ ဒီနိုင်ငံကို ဖယ်ထားခဲ့တာပါ။ ဒါပေမဲ့ အာဖရိကကုန်းမြေကို ခြေချလိုက်ချိန်ကစပြီး အာဖရိကသားတွေနဲ့ အာဖရိကတိုက်အကြောင်း ဖတ်ဖူးထားတာတွေက အမှားတွေပဲဆိုတာ ကျွန်တော် သိလိုက်ရတယ်။

အာဖရိက က လှပပြီး အသွေးအရောင်စုံလင်တဲ့မြေပါ။ ယဉ်ကျေးဖော်ရွေကြပါတယ်။ အမြင်ကျယ်ကျယ်နဲ့ ဆိုရရင်တော့ အာဖရိကကို ကျွန်တော်တို့ နှိမ့်ချခဲ့မိတယ်။ ဒါကြောင့်ပဲ Think Africa ဆိုတဲ့ ကမ်ပိန်း လုပ်ထားတာပါ။ နောက်ခရီးစဉ်မှာ ကျွန်တော် လုပ်ချင်တာက အာဖရိကအကြောင်းပါပဲ။ အာဖရိကတိုက်နဲ့ပတ်သက်ပြီး ရှာဖွေစရာတွေ အများကြီး ရှိပါသေးတယ်” လို့ အဒီယန်ဂျူက ဆိုပါတယ်။

Ref: CNN ” ‘I survived two sandstorms and nearly ran out of water in the Sahara Desert,’ says man who biked from London to Lagos”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top