” ချစ်ခင်ရတဲ့ ပစ္စည်းပို့သူရေ၊ နောက်ကျလည်း အဆင်ပြေပါတယ်” ဒါကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ တိုက်ခန်းပြတင်းပေါက်တွေမှာ ကပ်ထားတဲ့ စာတန်းပါ။ တောင်ကိုရီးယားနိုင်ငံမှာ ကုန်ပစ္စည်းပို့ဆောင်သူတွေ အလုပ်အရမ်းပင်ပန်းပြီး သေဆုံးခဲ့ပြီးနောက်မှာတော့ အဲဒီလှုပ်ရှားမှု ပေါ်ပေါက်လာတာပါ။ တချို့ကလည်း ပစ္စည်းလာပို့သူတွေကို ကော်ဖီတိုက်တာ၊ မနက်စာကျွေးတာမျိုး လုပ်နေကြပါပြီ။ လူမှုကွန်ရက်ပေါ်မှာလည်း #it_is_ok_to_be_late ၊ #Thankyoudeliverymen ၊ #weneedtostop thedeathofdeliverymen ဆိုတဲ့ ရေးသားဖော်ပြမှုတွေ ရှိနေပါတယ်။
အသက်ဆုံးရှုံးခဲ့ရတဲ့ ပစ္စည်းပို့ဆောင်သူများ
နေမထွက်ခင် တစ်နာရီအလိုမှာတော့ အလုပ်ချိန် ၂၁ နာရီ ရှိသွားတဲ့ မစ္စတာကင်က ပစ္စည်းအထုပ် ၄၀၀ ကျော် ပို့ပြီးသွားပါပြီ။ အသက် ၃၆ နှစ်ရှိတဲ့ ကင်ဟာ အရင်နေ့မနက် ၅ နာရီကတည်းက ပစ္စည်းလိုက်ပို့နေတာပါ။ ” ငါ အရမ်းများနေပြီကွာ၊ ထပ်မပို့နိုင်တော့ဘူး ”။ နောက်ထပ်ပစ္စည်းထုပ် မပို့နိုင်တော့ဘူးဆိုတာကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဆီ မက်ဆေ့ လှမ်းပို့တာပါ။ အဲဒီမက်ဆေ့ပို့ပြီး နောက် ၄ ရက်အကြာမှာပဲ ကင် သေဆုံးသွားခဲ့တာပါ။ တောင်ကိုရီးယားနိုင်ငံမှာ ပစ္စည်းပို့သူ အများစုအပါအဝင် အလုပ်ပင်ပန်းလို့ သေဆုံးခဲ့တဲ့ အလုပ်သမား ၁၄ ယောက် ရှိခဲ့တယ်လို့ သမဂ္ဂအရာရှိတွေက ပြောပါတယ်။ ကင်ကတော့ အဲဒီ ၁၄ ယောက်ထဲက တစ်ယောက်ပါ။
ပစ္စည်းပို့သူတွေဟာ အလုပ်ပင်ပန်းလွန်းလို့ နှလုံးရပ်တာ၊ လေဖြန်းတာ စတဲ့ ဝေဒနာတွေကြောင့် ရုတ်တရက် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ကျန်ရစ်သူ မိသားစုတွေက ပြောပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ တဟုန်ထိုး မြင့်တက်လာတဲ့ အွန်လိုင်းအော်ဒါတွေကို အချိန်မီ ပို့ဆောင်ပေးနိုင်ဖို့ တောင်ကိုရီးယားနိုင်ငံက ပစ္စည်းပို့သူတွေ မနားမနေ အလုပ်လုပ်နေရပါတယ်။ ပစ္စည်းထုပ်တွေ ပုံလာလေလေ၊ သူတို့လည်း ဖိအားများလာလေလေပါပဲ။
သေဆုံးခဲ့သူ ပစ္စည်းပို့သူတွေထဲမှာ တိုက်ကွမ်ဒိုအားကစားကို ဝါသနာထုံတဲ့ ၂၇ နှစ်အရွယ် အမျိုးသား ဂျန်ဒုတ်ဂျင်လည်း ပါဝင်ပါတယ်။ သူကတော့ ညဆိုင်းဂျူတီ ၁၈ လ ဆင်းပြီးချိန်မှာ ခန္ဓာကိုယ်အလေးချိန် ၃၃ ပေါင် ကျဆင်းသွားခဲ့ပါတယ်။ ဒီလအစောပိုင်းမှာ ညဂျူတီထွက်ပြီး မနက် ၆ နာရီလောက် အိမ်ပြန်လာခဲ့တဲ့ ဂျန်ဒုတ်ဂျင်ဟာ ရေချိုးခန်းထဲ တန်းဝင်သွားခဲ့ပါတယ်။ နောက်တစ်နာရီအကြာမှာတော့ ရေချိုးဇလုံထဲ မှောက်လျက်သားအနေအထားနဲ့ သူ သေဆုံးနေတာကို သူ့အဖေက တွေ့ခဲ့တာပါ။
” ကျွန်တော်တို့မိသားစုက ကောင်လေးကို သိပ်ချစ်တာ၊ အလုပ်ပင်ပန်းတယ်လို့ သူ ပြောတုန်းက အလုပ်နားပါလားလို့ ပြောသေးတယ်။ ဒါပေမဲ့ သူကလည်း သူ့ရဲ့အနာဂတ်အစီအစဉ်တွေအကြောင်း ပြောပြတယ်လေ။ သူ့ကို အလုပ်အရမ်းမလုပ်ဖို့၊ ဘေးဖြစ်တဲ့အထိ အလုပ်မလုပ်ဖို့ မတားမိခဲ့တဲ့ ကျွန်တော့်အပြစ်တွေပါ”လို့ ဂျန်ဒုတ်ဂျင်ရဲ့ဖခင် မစ္စတာ ဂျန်က ပြောပါတယ်။
သားကို ဆုံးရှုံးလိုက်ရတဲ့ ပရိဒေဝမီး လောင်ကျွမ်းနေတဲ့ မစ္စတာဂျန်တစ်ယောက် တောင်ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော်ကို ရောက်သွားတယ်။
သူ့သားလေး သေဆုံးရတဲ့ ဖြစ်စဉ်ကို ကြည့်ရှုပေးကြဖို့ လွှတ်တော်အမတ်တွေကို ဒူးထောက်တောင်းပန်ခဲ့တယ်။ ” သေသွားတာ ကျွန်တော့်သားပါ။ ဒီကိစ္စကို တစ်ကမ္ဘာလုံးသိအောင် ကျွန်တော်လုပ်မယ်။ ဒီကိစ္စအစ၊ အဆုံးကို ကျွန်တော် ဖော်မယ်” လို့ မစ္စတာဂျန်က ငိုယိုပြီး ပြောတယ်။ ပစ္စည်းပို့သူတွေ သေဆုံးမှု များပြားလာချိန်မှာ ဂျန်ဒုတ်ဂျင် သေဆုံးခဲ့တဲ့ဖြစ်ရပ်က သမ္မတမွန်ဂျေအင်အတွက် အာရုံစိုက်စရာ ဖြစ်လာခဲ့တယ်။ ကပ်ရောဂါကာလမှာ အဆိုးရွားဆုံး အခက်အခဲကြုံတွေ့သူတွေက ပစ္စည်းပို့သူတွေပဲလို့ မွန်ဂျေအင်က မှတ်ချက်ပေးခဲ့ပြီး သူတို့ရဲ့ လုပ်ငန်းခွင် အခြေအနေကို လုံးဝဥဿုန်ပြောင်းလဲပေးဖို့ တိုက်တွန်းခဲ့တယ်။ တောင်ကိုရီးယားနိုင်ငံမှာ ပစ္စည်းမှာရင် နာရီပိုင်းအတွင်း ပို့ပေးရလို့ ပစ္စည်းပို့သူတွေအတွက် ဖိအားတော်တော်များပါတယ်။
ကျွန်တော်တို့လည်း အသက်ရှင်ချင်တယ်
ပြီးခဲ့တဲ့သြဂုတ်လမှာတော့ ပစ္စည်းပို့သူတွေ အနားယူချိန် လုံလုံလောက်လောက် ရရေး၊ ညဆင်းဆက်တိုက် မဆင်းရရေး အာမခံချက်တွေ ပါဝင်တဲ့ ကြေညာစာတမ်းကို လက်မှတ်ထိုးဖို့ တောင်ကိုရီးယားအလုပ်သမားရေးဝန်ကြီးဌာနက ကုန်ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီတွေကို တိုက်တွန်းခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး ပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီကြီး ၃ ခုဖြစ်တဲ့ CJ Logistics၊ Coupang Transportation နဲ့ Hanjin Transportation တို့က အလုပ်သမားတွေ သေဆုံးရမှုအတွက် လူသိရှင်ကြား တောင်းပန်ခဲ့တယ်။
ကုမ္ပဏီ ၃ ခုလုံးကလည်း ဝန်ထမ်းအင်အား ထပ်တိုးပေးပြီး အလုပ်ချိန်ကို လျှော့ချပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ပစ္စည်းပို့တဲ့ အလုပ်သမားအများစုက ကုမ္ပဏီနဲ့ တိုက်ရိုက် စာချုပ်ချုပ်ထားတာမဟုတ်ဘဲ ကြားပွဲစားနဲ့ စာချုပ်ချုပ်ထားလို့ အလုပ်သမားဥပဒေရဲ့ စောင့်ရှောက်ကာကွယ်မှု မရကြပါဘူး။ ကုန်လှောင်ရုံတွေမှာ ဝန်ထမ်းအင်အား ထပ်တိုးပေးမယ်လို့ ကုမ္ပဏီတွေဘက်က ကတိပေးထားပေမဲ့ အခုချိန်ထိ ဝန်ထမ်းအင်အား ထပ်တိုးတာ မတွေ့ရသေးဘူးလို့ သမဂ္ဂခေါင်းဆောင်တွေက ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အွန်လိုင်းကနေ ဈေးဝယ်သူ များပြားလာစေပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အိမ်အရောက်ပို့ ဝန်ဆောင်မှုကို တောင်းဆိုမှု ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒီနှစ်မှာတော့ အရင်ကထက် ၂ ဆ မြင့်တက်လာခဲ့ပါတယ်။ ကုန်ပစ္စည်း သိုလှောင်တဲ့ ဂိုဒေါင်တွေထဲမှာလည်း လူတွေက ပျားပန်းခတ် လှုပ်ရှားနေပြီး အထုပ်အပိုးတွေကို နေရာလပ်မကျန်အောင် တင်ဆောင်နေကြပါတယ်။ ကုန်ပစ္စည်းတစ်ထုပ်အတွက် ပစ္စည်းပို့သူတွေက ကိုရီးယား ဝမ်ငွေ ၈၀၀ ( မြန်မာငွေ ၉၀၇ ကျပ်) ရရှိပြီး ဒီကာလမှာ တစ်နေ့ကို ပစ္စည်းထုပ် ၃၅၀ ဝန်းကျင် ပို့ဆောင်လေ့ရှိပါတယ်။ သူတို့ဟာ ဂိုဒေါင်ထဲကနေ အောက်ဘက်ကို ပစ္စည်းချပေးသူတွေကို ပိုက်ဆံပေးရပြီး အချိန်နောက်ကျတာ၊ ပစ္စည်းထုပ် ပျောက်သွားတာမျိုးအတွက်လည်း ဒဏ်ကြေးပေးရပါတယ်။
” ဖိအားအရမ်းများတယ်။ ကုန်ခြောက်မှာတဲ့ ဖောက်သည်တွေလည်း ရှိတယ်။ သူတို့က နေ့လယ်စာချက်ရမှာ၊ ညစာချက်ရမှာဆိုပြီး ဖုန်းတဂွမ်ဂွမ်ဆက် စောဒကတက်ကြတယ်။ မှာတဲ့နေ့ မပို့နိုင်ဘူးဆိုရင် ဖောက်သည်တွေက ဖုန်းဆက်ပြီး ” ကျွန်မ ဒီနေ့အပြင်သွားဖို့ စကတ်မှာထားတာ၊ ဘာလို့ နေ့လယ်လာမပို့တာလဲ” ဆိုတာမျိုး ပြောတတ်ပါတယ်” လို့ ပစ္စည်းပို့သူအဖြစ် အလုပ်လုပ်နေတဲ့ ကလေး ၃ ယောက် မိခင် ရှင်ဘို့ဆန်က ပြောပါတယ်။ တစ်နေ့ကျရင်တော့ အလုပ်ပါးသွားပြီး သူ့သားသမီးတွေနဲ့အတူ ညဘက်နေနိုင်လောက်ပါရဲ့လို့ ရှင်ဘို့ဆန် မျှော်လင့်နေပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကြီးက အချိန်အတိုင်းအတာတစ်ခုအထိတော့ ရှိနေဦးမှာပါ။ ကပ်ဘေးကြီးနဲ့အတူ ပြောင်းလဲသွားတဲ့ အွန်လိုင်းဝယ်ယူမှုပုံစံကတော့ အနာဂတ်ဈေးဝယ်မှုပုံစံ ဖြစ်လာနေပါပြီ။ ဒီလိုအချိန်မှာ ဖိအားခံစားနေရတဲ့ ပစ္စည်းပို့သူတွေကို ချိုချိုသာသာ ပြောဆိုဆက်ဆံတာ၊ မေတ္တာထားပြီး နားလည်ပေးလိုက်တာက သူတို့ရဲ့အလုပ်ဝန်ထုပ်ဝန်ပိုးကို လျော့မသွားစေနိုင်ဘူးဆိုရင်တောင် လုပ်ငန်းခွင်ဖိအားတွေကို ရင်ဆိုင်နိုင်မယ့် စိတ်ဓာတ်အင်အားလေးတော့ ရသွားနိုင်ပါတယ်။
Ref: BBC ” ‘I thought maybe I would die’: S Korea’s delivery drivers demand change”
Nz (ရိုးရာလေး)