ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တု ဖန်တီးဖို့ ကျိုတိုတက္ကသိုလ်နဲ့ ဂျပန်ကုမ္ပဏီ ပူးပေါင်းဆောင်ရွက်နေ

29-12-2020-yyl07.jpg

၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုတွေ ဖန်တီးနိုင်ဖို့အတွက် ကျိုတိုတက္ကသိုလ်နဲ့ ဂျပန်ကုမ္ပဏီတစ်ခုပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ သစ်ပင်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု၊ အာကာသထဲမှာ သစ်သားပစ္စည်းတွေ အသုံးပြုမှုနဲ့ပတ်သက်ပြီး သုတေသန စတင်လုပ်ဆောင်နေပြီလို့ Sumitomo Forestry ကုမ္ပဏီက ပြောပါတယ်။

ကမ္ဘာမြေပေါ်မှာရှိတဲ့ ရာသီဥတုကြမ်းတမ်းတဲ့ နေရာတွေမှာ သစ်သားအမျိုးအစား အမျိုးမျိုး စမ်းသပ်သွားမှာပါ။ ကမ္ဘာပတ်လမ်းထဲကို ဂြိုဟ်တုအများအပြား လွှတ်တင်နေကြလို့ အာကာသထဲမှာ အမှိုက်များပြားလာတာကလည်း ပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ ကမ္ဘာမြေကို လှည့်ပတ်နေတဲ့ ဂြိုဟ်တု ၆၀၀၀ လောက်နီးပါးရှိပြီး ၆၀ ရာခိုင်နှုန်းလောက်ဟာ အာကာသအမှိုက်တွေ ဖြစ်နေပါပြီ။

သစ်သားဂြိုဟ်တုတွေဟာ လေထုထဲကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေ ထုတ်လွှတ်ခြင်းမရှိသလို ကမ္ဘာမြေပေါ်ကို အမှုန်အမွှားတွေ ကျမလာဘဲ လောင်ကျွမ်းနိုင်စွမ်းရှိပါတယ်။
” ကမ္ဘာ့လေထုထဲ ပြန်ကျလာတဲ့ ဂြိုဟ်တုအားလုံး လောင်ကျွမ်းပြီး သေးငယ်တဲ့ အလူမီနာအမှုန်တွေ ဖြစ်စေပါတယ်။ အဲဒီအမှုန်တွေက အပေါ်ယံလေထုထဲမှာ နှစ်အကြာကြီး ရှိနေပါတယ်။

ဒီအချက်ကို ကျွန်တော်တို့ တော်တော်စိုးရိမ်တယ်။ နောက်ဆုံးကျရင် အဲဒီအမှုန်တွေက ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ နောက်တစ်ဆင့်ကျရင် သစ်သား ဂြိုဟ်တုရဲ့ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ပုံစံငယ်ကို ဖန်တီးမှာပါ။ ပြီးရင်တော့ ပျံသန်းနိုင်တဲ့ ပုံစံငယ် တည်ဆောက်မှာပါ”လို့ ကျိုတိုတက္ကသိုလ်ရဲ့ ပါမောက္ခ တာကာအိုဒိုအီက ပြောပါတယ်။ တာကာအိုဒိုအီဟာ ၂၀၀၈ ခုနှစ် မတ်လက နိုင်ငံတကာအာကာသစခန်းကို သွားရောက်ခဲ့တဲ့ အာကာသယာဉ်မှူးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၄၀၀ ကျော်ကတည်းက တည်ထောင်ခဲ့တဲ့ Sumitomo Group ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Sumitomo Forestry ကုမ္ပဏီဟာ အပူချိန်ပြောင်းလဲမှုနဲ့ နေရောင်ခြည်ဒဏ် ခံနိုင်ရည်ရှိတဲ့ သစ်သားပစ္စည်းတွေ ဖန်တီးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

Ref: BBC ” Japan developing wooden satellites to cut space junk”
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top