ကိုဗစ်ရောဂါနဲ့သေဆုံးသွားခဲ့တဲ့မိခင်ကို ပေးခဲ့တဲ့ကတိ တည်အောင်လုပ်နေတဲ့ ဆယ်ကျော်သက်ကောင်လေး

3-11-2020-yyl-008.jpg

လော့စ်အိန်ဂျယ်လိစ်မြို့က ဂျူအန် ဂျိုစ် မာတင်ဇ် ဆိုတဲ့ အသက် (၁၉) နှစ်အရွယ်ကောင်လေးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူ့ရဲ့အမေကို ဆုံးရှုံးခဲ့ရပါတယ်။ အခုဆိုရင် အဲဒီကောင်လေးက သူ့အမေ မသေဆုံးခင် ပေးခဲ့တဲ့ကတိကို ဖြည့်ဆည်ပေးဖို့ လုပ်နေပါတယ်။ သူ့အမေကို သူ့ပေးလိုက်တဲ့ကတိကတော့ သူ့ရဲ့ညီလေး၊ ညီမလေးတွေကို စောင့်ရှောက်ပေးမယ်ဆိုတာပါပဲ။ သြဂုတ်လတုန်းက ဂျူအန်နဲ့သူ့အမေတို့က သူ့ရဲ့မွေးချင်းမောင်နှမ (၅) ဦးနဲ့အတူ ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။ ဂျူအန်နဲ့ သူ့ညီ၊ညီမလေးတွေက ရောဂါကနေ ပြန်လည်ကောင်းမွန်လာခဲ့ပေမဲ့ သူ့အမေကတော့ အဲဒီရောဂါကြောင့်သေဆုံးသွားခဲ့ပါတယ်။

သူ့အမေ မသေဆုံးခင်မှာ ဂျူအန်က သူ့ညီလေး၊ ညီမလေးတွေကို သေချာစောင့်ရှောက်ပါမယ်ဆိုတဲ့ကတိကို ပေးခဲ့ပါတယ်။ သူ့အမေကို ပေးခဲ့တဲ့ကတိတည်နိုင်ဖို့အတွက် ဂျူအန်က အဲဒီကတည်းကနေ သူ့ညီလေး၊ညီမလေးတွေအတွက် ထမင်း၊ဟင်းချက်ပေးတယ်၊ အဝတ်အစားတွေလျှော်ပေးတယ်၊ ငွေရှာပြီး မုန့်ဖိုးပေးတယ်၊ သူတို့သွားချင်တဲ့နေရာတွေကို လိုက်ပို့ပေးခဲ့ပါတယ်။ သူဟာ သူ့ညီ၊ ညီမလေးတွေကို အဖေ၊အမေလို ပြုစုစောင့်ရှောက်ပေးနေပါတယ်။

“ကျွန်တော် တစ်ခါတည်းနဲ့ အဖေ၊ အမေလိုရော၊ အစ်ကိုကြီးလိုပါ ဖြစ်လာခဲ့ပါတယ်။ ပထမတော့ အတော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ အော်ငိုခဲ့မိတာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် စိတ်တည်ငြိမ်အောင်နေပြီး သူတို့ မငိုအောင်လည်း လုပ်ခဲ့ရပါတယ်။ အရာအားလုံး အဆင်ပြေသွားတော့မှာပါ၊ မင်းတို့ကို ဘာမှမဖြစ်စေရပါဘူးလို့ သူတို့ကို ကျွန်တော်ပြောခဲ့တယ်”လို့ ဂျူအန်က ဆိုပါတယ်။ ဂျူအန်မှာ အသက် (၇)၊ (၈)၊ (၉)၊ (၁၅) နှစ်အရွယ် မွေးချင်းမောင်နှမတွေနဲ့ စက်တင်ဘာလကတည်းက သူ့အဖေနဲ့အတူနေထိုင်နေတဲ့ (၂) နှစ်အရွယ်ညီလေးတစ်ယောက်လည်းရှိပါတယ်။

ဂျူအန်က သူ့ညီလေး၊ညီမလေးတွေကို စောင့်ရှောက်ဖို့အတွက် လုံခြုံရေးအလုပ်ကနေ ထွက်ခဲ့ရပြီး အခြားသူတွေဆီက အကူအညီရနိုင်ဖို့နဲ့ ရန်ပုံငွေရှာနိုင်ဖို့အတွက် ပေ့ချ်တစ်ခုထောင်ခဲ့ပါတယ်။ သူ့ရဲ့ GoFundMe ပေ့ချ်မှာ “၂၀၂ဝပြည့်နှစ် သြဂုတ်လ ၂၄ ရက်နေ့မှာ COVID-19 ကြောင့် ကျွန်တော့်အမေ ကွယ်လွန်သွားခဲ့ပြီး ကလေး (၆) ဦးထားရစ်ခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ပြန်လည်ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့မောင်နှမတွေကို စောင့်ရှောက်ပေးမယ်လို့ အမေကို ကတိပေးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ညီ၊ညီမလေးတွေအတွက် ဒီGoFundMe ကို ဖန်တီးခဲ့တာပါ။ ကျွန်တော်တို့ရရှိခဲ့တဲ့အရာတွေအတွက် ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ကောင်းချီးပေးပါစေ”လို့ ရေးသားထားပါတယ်။

ဂျူအန်ရဲ့အမေက ချောင်းဆိုးတာလို့ အရမ်းမပြင်းထန်တဲ့ရောဂါလက္ခဏာကို စတင်ခံစားခဲ့ရတာပါ။ ရက်အနည်းငယ်ကြာတော့ အသက်ရှုရခက်လာခဲ့ပါတယ်။ သူ့ရဲ့အမေက ပုံမှန်လက်ဆေးတယ်၊ Social Distancing လည်းလုပ်တယ်၊ Mask လည်းဝတ်ပေးမဲ့ ရောဂါပိုးပြင်းပြင်းထန်ထန်ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဆီးချိုရောဂါလည်းရှိပါတယ်။ သူ့ရဲ့ရောဂါလက္ခဏာ ပိုပြီးဆိုးရွားလာတဲ့အတွက် သူ့ရဲ့အဆုတ်နဲ့ကျောက်ကပ်က အလုပ်မလုပ်တော့ဘဲ အသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Ref: Ladbible “Teenager Fulfils Promise To Raise Siblings After Mum Dies Of Coronavirus”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top