ကလေးတွေရဲ့ခွဲစိတ်ဒဏ်ရာတွေကို ကာတွန်းဇာတ်ကောင်တွေအဖြစ် ပြောင်းလဲခြင်းဖြင့် နာကျင်မှုကိုဖြေဖျောက်ပေးခဲ့တဲ့ ခွဲစိတ်ဆရာဝန်

yyl-001-20.jpg

အိုဟိုင်းယိုးပြည်နယ်ရဲ့ Akron Children Hospital က ဒေါက်တာရောဘတ် ပယ်ရီဟာ ကလေးတွေ ခွဲစိတ်ကုသမှုခံယူပြီးတိုင်း သူတို့ရဲ့ခွဲစိတ်ဒဏ်ရာအမာရွတ်ကို ကလေးတွေ အာရုံမစိုက်မိအောင် အမြဲတမ်းလုပ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် သူက ကလေးတွေရဲ့ပတ်တီးပေါ်မှာ ကာတွန်းဇာတ်ကောင်ပုံတွေ ရေးဆွဲပေးပြီး နာကျင်မှုတွေ ဖြေဖျောက်ပေးခဲ့ပါတယ်။

ဒေါက်တာပယ်ရီကို သူ့လုပ်ဖော်ကိုင်ဖက်တွေက အရောင်မျိုးစုံနဲ့ဆရာဝန် (A surgeon of many colors) လို့ နာမည်ပြောင်ပေးထားကြပါတယ်။ ဘာလို့အဲဒီလိုနာမည်ပြောင်ပေးထားတာလည်းဆိုတာကို ဆက်လက်ဖတ်ရှုကြည့်ရအောင်။

ဒေါက်တာပယ်ရီရဲ့ရုံးခန်းကို ကြည့်လိုက်ရင် ဆရာဝန်သုံးပစ္စည်းတွေအပြင် ခွဲစိတ်ခန်းဝင်ပြီးတိုင်းသုံးလေ့ရှိတဲ့ ရောင်စုံဘောပင်နဲ့ခဲတံဗူးတချို့ကို တွေ့ရနိုင်ပါတယ်။ ရောင်စုံဘောပင်နဲ့ခဲတံဗူးတွေကြောင့်ပဲ သူ့ကို အရောင်မျိုးစုံနဲ့ဆရာဝန်လို့ ခေါ်ကြတာဖြစ်နိုင်ပါတယ်။

ပယ်ရီက ၂၀၁၁ခုနှစ်ကတည်းက အဲဒီဆေးရုံမှာ အလုပ်လုပ်ခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှု (၁၀,၀၀၀) ကျော်ပြုလုပ်ခဲ့ပြီးပါပြီ။ သူက သူ့ရဲ့ကလေးလူနာတွေအတွက် ကူညီဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေပါတယ်။ သူက ခွဲစိတ်ကုသပေးတဲ့အပြင် ကလေးတွေ ပြန်လည်ကောင်းမွန်လာဖို့အတွက်လည်း အပြည့်အဝကူညီပေးပါတယ်။

ကလေးတွေကို ခွဲစိတ်ကုသပေးပြီးတိုင်း သူတို့ရဲ့အမာရွတ်ကြောင့် ကလေးတွေစိတ်မကောင်းဖြစ်မိမယ်ဆိုတာကို ဒေါက်တာပယ်ရီသိခဲ့ပါတယ်။ ဒါကြောင့် ကလေးတွေ နိုးထလာတဲ့အချိန် အံ့အားသင့်သွားစေဖို့အတွက် နာမည်ကြီးကာတွန်းဇာတ်ကောင်ပုံတွေကို သူတို့ရဲ့ပတ်တီးတွေမှာ ရေးဆွဲပေးခဲ့ပါတယ်။

ဒေါက်တာပယ်ရီက ခွဲစိတ်မှုမပြုလုပ်ခင်မှာ ကလေးတွေစိတ်ဝင်စားတဲ့ကာတွန်းဇာတ်ကောင်တွေကို မေးလေ့ရှိပါတယ်။ ခွဲစိတ်ကုသမှုပြီးသွားရင် ဒေါက်တာပယ်ရီက သူ့ရဲ့အလုပ်စားပွဲကိုသွားပြီး ဇာတ်ကောင်ပုံတွေကို ရေးဆွဲခဲ့ပါတယ်။ အဲဒီလိုရေးဆွဲဖို့အတွက် (၅) မိနစ်လောက်အချိန်ယူရပါတယ်။

သူက ဒီလိုလုပ်တဲ့အကြံဉာဏ်ကို ပတ်တီးတွေကို ပုံစံအမျိုးမျိုးညှပ်တဲ့ခွဲစိတ်ဆရာဝန်တစ်ယောက်ဆီက ရခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့က ပတ်တီးတွေကို ငမန်းပုံ၊ ကြယ်ပုံ၊ နှလုံးသားပုံညှပ်မယ့်အစား ဇာတ်ကောင်ပုံရေးဆွဲဖို့ စဉ်းစားမိခဲ့ပါတယ်။

ကလေးတွေက ကာတွန်းဇာတ်ကောင်ပုံတွေမြင်ပြီး စိတ်လှုပ်ရှားမိတာကြောင့် သူတို့ရဲ့ဒဏ်ရာကိုတောင် မေ့နေတတ်ကြပါတယ်။ ဒေါက်တာပယ်ရီအတွက်ကတော့ ကလေးတွေရဲ့ပတ်တီးပေါ်မှာ ပုံတွေဆွဲရတာကို အမြဲတမ်းပျော်ရွင်နေတာပါ။ “ကလေးတွေက သူတို့တောင်းဆိုတဲ့ကာတွန်းဇာတ်ကောင်ကို မြင်ရတာအတွက် ဝမ်းသာကြတယ်။ မိဘတွေနဲ့ ဆေးရုံဝန်ထမ်းတွေကလည်း ပျော်ရွှင်ကြတယ်”လို့ ဒေါက်တာပယ်ရီက ပြောပါတယ်။ ကလေးတွေရဲ့မျက်နှာကအပြုံးကို မြင်နေရရင်ပဲ ဒေါက်တာပယ်ရီက ကျေနပ်ပီတိဖြစ်နေတာပါ။

Ref: A Surgeon Turns Kids’ Scars Into Cartoon Characters to Help Them Forget About the Pain

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top