ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဘာလို့ အမျိုးသမီးတွေအဖြစ်များရတာလဲ

yyl-033-14.jpg

ခေါင်းတစ်ခြမ်းကိုက်ခြင်းကလည်း ခေါင်းကိုက်တာပါပဲ။ ခေါင်းတစ်ခုလုံးမှာမဟုတ်ဘဲ ခေါင်းတစ်ခြမ်းမှာပဲ တဆစ်ဆစ်နဲ့ထိုးအောင့်ပြီး ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အမြင်ဝေဝါးတာ၊ အနံ့၊ အလင်းရောင်၊ အသံတွေကိုတောင် မခံနိုင်၊ မကြည့်နိုင်၊ မကြားနိုင်ဖြစ်လာနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာက နာရီတော်တော်ကြားခံစားရနိုင်ပြီး တစ်ခါတလေ ပုံမှန်အခြေအနေကို ပြန်ဖြစ်ဖို့အတွက် (၁-၂) ရက်လောက် အချိန်ယူရပါတယ်။

အဲဒီလိုခေါင်းကိုက်တာမျိုးက အသက်အရွယ်မရွေး၊ ယောကျာ်းမိန်းမမရွေးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေမှာ ဘာလို့အဖြစ်များတာလဲဆိုတာကတော့စဉ်းစားစရာပါပဲ။ ဘာလို့လဲဆိုတာကို ဒီဆောင်းပါးကနေ ပြောပြပေးလိုက်ပါတယ်နော်။

ခေါင်းတစ်ခြမ်းကိုက်တာက အမျိုးသမီးတွေမှာ အဖြစ်များရခြင်းအကြောင်းအရင်းက ဟော်မုန်းလုပ်ဆောင်ချက်နဲ့ ဆက်စပ်နေတာဖြစ်နိုင်တယ်လို့ Universitas Miguel Hernándezရဲ့ သုတေသီတွေက ဆိုပါတယ်။ အခြားလေ့လာချက်တွေကလည်း အဲဒီအကြောင်းအရင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မဟော်မုန်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းကြားက ဆက်စပ်မှုကို သိရဖို့အတွက် တိရစ္ဆာန်တွေမှာ လေ့လာစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ အီစရိုဂျင်ဟော်မုန်းဓာတ်က ဦးခေါင်းရဲ့သွေးကြောနဲ့ သွေးလွှတ်ကြောတစ်ဝိုက်က ဆဲလ်တွေကို နှစ်ဆလောက် အထိခိုက်မခံဖြစ်လာစေပြီး ခေါင်းတစ်ခြမ်းကိုက်လာရတာပါ။ ဒီအကြောင်းအရင်းကြောင့် အမျိုးသမီးတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်းကို မကြာခဏခံစားရတာဖြစ်ပါတယ်။

ဒါ့အပြင် ရာသီလာနေတဲ့အမျိုးသမီးတွေက အီစရိုဂျင်ဟော်မုန်းဓာတ်အပြောင်းအလဲကြောင့် အမျိုးသားတွေထက် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုပြီးစွဲကပ်နိုင်ပါတယ်။ အမျိုးသားတွေရဲ့ဟော်မုန်းဓာတ်က ခေါင်းကိုက်တာမဖြစ်အောင် သူတို့ကို ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းနဲ့ ဟော်မုန်းဓာတ်တွေကြားက ဆက်စပ်မှုက ပိုပြီးရှုပ်ထွေးနိုင်ပြီး နောက်ထပ်လေ့လာစမ်းသပ်ချက်တွေ လိုအပ်ပါသေးတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာသွားစေနိုင်မယ့် နည်းလမ်းတွေ

လူအများစုက ခေါင်းကိုက်လာရင် အကိုက်အခဲပျောက်ဆေးသောက်ကို သောက်ဖြစ်ကြပါတယ်။ တကယ်တော့ အိမ်တွင်းနည်းလမ်းတချို့ကလည်း ခေါင်းကိုက်တာကို ကုသတဲ့နေရာမှာ ထိရောက်မှုရှိပါတယ်။ ခေါင်းကိုက်တာကို ခံစားရတဲ့အခါ သဘာဝနည်းလမ်းနဲ့ကုသလို့ရအောင် နည်းလမ်း (၃) ခုကို မျှဝေပေးလိုက်ပါတယ်။
လာဗင်ဒါအဆီ – လာဗင်ဒါအဆီကို ရှုပေးတာကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာသွားစေနိုင်ပါတယ်။ ၂၀၁၂ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာချက်မှာ ခေါင်းကိုက်နေစဉ်မှာ လာဗင်ဒါဆီကို ရှုတဲ့လူတွေက မြန်မြန်ဆန်ဆန်ပဲ ခေါင်းကိုက်ခြင်းဝေဒနာကို တိုက်ဖျက်နိုင်တာကို တွေ့ရပါတယ်။

ချင်း(ဂျင်း) – ချင်းက ဟင်းလျာတွေထဲမှာ အရသာထည့်လို့ရတဲ့အပြင် ခေါင်းကိုက်ခြင်းဝေဒနာအတွက်လည်း အတော်လေးထိရောက်ပါတယ်။ ခေါင်းကိုက်လာပြီဆိုရင် ချင်းပြုတ်ရည်သောက်ပေးလို့ရပါတယ်။
နှိပ်နယ်ပေးခြင်း – သင့်လည်ပင်းနဲ့ ပခုံးတို့ကို ဖြည်းဖြည်းသာသာလေး နှိပ်နယ်ပေးတာကလည်း ခေါင်းကိုက်ခြင်းကြောင့် ခံစားရတဲ့ဝေဒနာတွေကို သက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။ ပရုပ်ဆီ၊ ရို့စ်မေရီအဆီတို့ကို အသုံးပြုပြီး နှိပ်နယ်ပေးလို့ရပါတယ်။

Ref: Why migraines are more common in women

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top