သတို့သားမပါဘဲ ကိုယ့်ကိုယ်ကို ပြန်လက်ထပ်ခဲ့တဲ့ အမျိုးသမီး

21766511_281245739027524_1916845728154412118_n.jpg

အီတလီနိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ကာ မင်္ဂလာကိတ်၊ သတို့သမီးအရန်များပါဝင်တဲ့ အခမ်းအနားတစ်ခုနဲ့ ကိုယ့်ကိုယ်ကို ပြန်လက်ထပ်ခဲ့ပါတယ်။ သူမရဲ့ သတို့သားမပါတဲ့ မင်္ဂလာပွဲကို လူပေါင်း ၇၀ လောက်တတ်ရောက်ခဲ့ပြီး “ကျွန်မတို့တစ်ယောက်ချင်းစီတိုင်း ကိုယ့်ကိုယ်ကို ပိုချစ်သင့်တယ်လို့ ကျွန်မက  အပြည့်အဝယုံကြည်ပါတယ်။ မင်းသားမရှိလဲ စိတ်ကူးယဉ် ဇာတ်လမ်းလေးတစ်ခုကို တည်ဆောက်လို့ရပါတယ်။ ”လို့ အသက် ၄၀ အရွယ် ကာယဗလ လေ့ကျင့်ရေးဆရာမဖြစ်သူ လော်ရာ မီဆီ (Laura Mesi) က ပြောခဲ့ပါတယ်။

ဒီလက်ထပ်ပွဲဟာ တရားဝင်လက်ထပ်ပွဲတစ်ခုမဟုတ်ပေမဲ့ ဒီလို မိမိကိုယ်ကို ပြန်လက်ထပ်တဲ့ ခေတ်ရေစီးကြောင်းဟာ ကမ္ဘာတစ်ဝှမ်းကမှာ ခေတ်စားလာနေပြီး Sologamy လို့ခေါ်ကြပါတယ်။ မိမိကိုယ်ကို လက်ထပ်တဲ့ လက်ထပ်ပွဲတွေကို မိမိကိုယ်ကို ချစ်ခင်ခြင်းနဲ့ မေတ္တာရှိခြင်း ဆိုတဲ့ အဓိပ္ပါယ်နဲ့ ကျင်းပပြုလုပ်နေတာဖြစ်ပြီး လော်ရာကတော့ မိမိကိုယ်ကို လက်ထပ်ရမယ် ဆိုတဲ့အကြံဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က သူမရဲ့ ၁၂ နှစ်လက်တွဲလာခဲ့တဲ့ Relationship တစ်ခု ပြတ်စဲပြီးနောက်မှာ ခေါင်းထဲရောက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်မ မိသားစုနဲ့ သူငယ်ချင်းတွေကို အသက် ၄၀ ရောက်မှ ကျွန်မရဲ့ လက်တွဲဖော် ရှာမတွေ့ဘူးဆိုရင် ကျွန်မကို ကျွန်မ လက်ထပ်တော့မယ်လို့ ကြိုပြောထားခဲ့ပါတယ်။ တစ်နေ့မှာ ကျွန်မနဲ့ အတူ အနာဂတ်အထိ လက်တွဲသွားလို့ရမယ့် လူတစ်ယောက်တွေ့လာခဲ့ရင်လည်း ကျွန်မ ပျော်ရွှင်ရင် ပျော်ရွှင်မိမှာပါ။ ဒါပေမဲ့ ကျွန်မရဲ့ ပျော်ရွှင်မှုကတော့ သူ့အပေါ်ကို မမှီခိုနေပါဘူး။”လို့ မီဆီက ဆိုပါတယ်။

အခုလို ကိုယ့်ကိုယ်ကို လက်ထပ်ပွဲကြောင့် မီဆီဟာ ကိုယ့်ကိုယ်ကိုပြန်လက်ထပ်တဲ့ ပထမဆုံး အီတလီ အမျိုးသမီးဖြစ်လာပြီး ပြီးခဲ့တဲ့မေလတုန်းလည်း နယ်လိုရဂ် ဂျီရို ဆိုသူအမျိုးသားတစ်ယောက်က ကိုယ့်ကိုယ်ကို ပြန်လက်ထပ်ခဲ့ပါသေးတယ်။ ဂျပန်နိုင်ငံမှာဆိုရင် ခရီးသွားလာရေး အေဂျင်စီတွေက Single အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုမင်္ဂလာပွဲကျင်းပနိုင်မယ့် အစီအစဉ်တွေကို ၂၀၁၄ ခုနှစ်ကတည်း ထည့်သွင်းလာခဲ့ကြတာပါ။

မိမိကိုယ်ကို ပြန်လက်ထပ်တဲ့ မင်္ဂလာပွဲတွေဟာ ၁၉၉၃ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး ဒီအခမ်းအနားကျင်းပတဲ့ ဓလေ့တွေဟာ Single ဘဝအကြောင်းရေးထားတဲ့ စာအုပ်တွေမှာ ပါဝင်လေ့ရှိပြီး ဆာရှာ ကာဂန်(Sasha Cagen) ရဲ့စာအုပ်ဖြစ်တဲ့ Quirkyalone: A Manifesto for Uncompromising Romantics စာအုပ်မှာလည်း ဒီလို အခမ်းနားမျိုးကျင်းပတာကို ဖော်ပြထားပါသေးတယ်။ အမေရိကန်မှာဆိုရင် I Married Me ဆိုတဲ့ Website မျိုးက ကိုယ့်ကိုယ်ကို ပြန်လက်ထပ်ချင်တဲ့သူတွေအတွက် မင်္ဂလာပွဲမှာလိုအပ်တဲ့ ပစ္စည်းတွေကို ငှားရမ်းပေးနေပါတယ်။

ဒါပေမဲ့ လူတိုင်းကတော့ ဒီဓလေ့ကို လက်မခံကြပါဘူး။ ဝေဖန်သူတစ်ချို့က ဒီလိုလက်ထပ်ပွဲတွေဟာ မိမိကိုယ်ကို အတ္တကြီးစွာ ချစ်နေခြင်း လို့ပြောကြပါတယ်။

မီဆီလက်ထပ်ပွဲရဲ့ သတင်းအောက်မှာလည်း လူတစ်ချို့က “အရမ်းဝမ်းနည်းကြောင်း ”၊ “မင်း ရူးနေပြီ ” ၊ “ဦးနှောက်မကောင်းတော့ဘူး ”ဆိုတဲ့ မှတ်ချက်များ ပေးခဲ့ကြပါတယ်။ မီဆီကတော့ ဒီမှတ်ချက်တွေကို ဂရုမစိုက်ခဲ့ဘဲ ဘယ်သူမှ ကျွန်မမျက်နှာပေါ်က အပြုံးကို ကွယ်ပျောက်အောင် မလုပ်နိုင်ဘူး လို့ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မိမိကိုယ်ကို လက်ထပ်ပွဲတွေဟာ လူတိုင်း မလုပ်နိုင်ကြဘဲ ကိုယ့်ကိုယ်ကိုလက်ထပ်ဖို့ဆိုရင် ငွေပမာဏ တစ်ချို့ရယ်၊ မင်းဘေးနားမှာ မင်းကို ထောက်ခံပေးမယ်လူတွေရယ်အပြင် ရူးနှမ်းမှု အနည်းငယ်လိုပါသေးတယ် လို့ မီဆီက မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

Ref : BBC News : Italy woman marries herself in ‘fairytale without prince

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top