နှင်းဆီပါတီ ကိုယ်စားလှယ်လောင်းတွေကို မဲပေးရင် ပယ်မဲဖြစ်မယ်

21-10-2020-yyl-002.jpg

ရန်ကုန် အောက်တိုဘာ ၂၀

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးရင် အဲဒီဆန္ဒမဲလက်မှတ်ကို ထည့်ရေတွက်မှာမဟုတ်ဘဲ ပယ်မဲအဖြစ် သတ်မှတ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အသိပေးပြောကြားပါတယ်။


အခုလိုသတ်မှတ်တာဟာ ပါတီကို ဖျက်သိမ်းကြောင်း ကြေညာထားပြီးဖြစ်တဲ့အပြင် ပါတီကိုယ်စားပြု ဝင်ရောက်ယှဥ◌်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်များကိုလည်း ကိုယ်စားလှယ်လောင်း အမည် စာရင်းကနေ ပယ်ဖျက်ပြီးဖြစ်တဲ့အတွက်ကြောင့်လို့ သူက ဆိုပါတယ်။

”ပါတီကို ဖျက်သိမ်းပြီး ပါတီကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို ပယ်ဖျက်ပြီးဖြစ်တယ်။ ဒါ့ကြောင့် အဲဒီကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးဖို့ မလိုအပ်တော့ဘူး။ ဆန္ဒမဲပြုလိုက်ရင်လည်း ပယ်မဲဖြစ်သွားမှာ ဖြစ်တယ်”လို့ ဦးမြင့်နိုင်က ပြောပါတယ်။ အခုလို ဆန္ဒမဲပေးဖို့ မလိုအပ်တော့ဘူးဆိုတဲ့အကြောင်းနဲ့ ဆန္ဒမဲပေးလိုက်ရင်လည်း ထည့်ရေတွက်မှာ မဟုတ်တဲ့အကြောင်းကို မဲဆန္ဒရှင်ပြည်သူတွေကို အသိပေးကြေညာသွားမယ့်အပြင် မဲရုံအသီးသီးမှာလည်း အသိပေး ကြေညာစာတွေကပ်သွားဖို့ စီမံထားတယ်လို့ သူက ဆိုပါတယ်။

ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနဲ့ ငြိစွန်းခဲ့တဲ့အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(ခ)နဲ့အညီ ပါတီကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီလိုဖျက်သိမ်းလိုက်တဲ့အတွက် ပါတီကိုယ်စားပြုဝင်ရောက်ယှဥ◌်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း တွေဟာလည်း သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဇ)ပါ ပြဌာန်းချက်နဲ့ ငြိစွန်းပြီး ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားကြတာဖြစ်ပါတယ်။

ညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးကျော်ြမင့်ကတော့ ထောင်ပြေးအမှုနဲ့ မန္တလေးမြို့၊ ချမ်းအေးသာစံ တရားရုံးမှာ အမှုရင်ဆိုင်နေရပြီးတော့ ဒီကနေ့မှာပဲ တတိယအကြိမ်အဖြစ် ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။

Photo – United Democratic Party – UDP Facebook

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top