အီဂါလိုက မာစီယယ်ကို အထောင်တိုက်စစ်မှူး ဖြစ်လာအောင် ကူညီပေးနေ

30-6-2020-yyl-010.jpg

မာစီယယ်ဟာ အထောင်တိုက်စစ်မှူးအဖြစ် ကစားနိုင်ဖို့အတွက် မန်ယူအသင်းမှာ အငှားလာရောက်ကစားနေတဲ့ အီဂါလိုဆီကနေ သင်ယူနေတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ မာစီယယ်ဟာ မိုနာကိုကနေ မန်ယူကို စတင်ပြောင်းရွှေ့လာခဲ့တဲ့ အစောပိုင်းနှစ်တွေမှာ တောင်ပံကစားသမားအဖြစ် ကစားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ နံပါတ်(၉)အဖြစ် ကစားနေပါတယ်။ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာကနေ မန်ယူကို အငှားလာရောက်ကစားနေတဲ့ အီဂါလိုဟာ နိုင်ဂျီးရီးယား၊ နော်ဝေ၊ အီတလီ၊ စပိန်၊ အင်္ဂလန်၊ တရုတ်လိဂ်တွေမှာ အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့သူပါ။

” အီဂါလိုက သူ့ကစားသမားဘဝတစ်လျှောက်လုံး အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့တာပါ။ မာစီယယ်ကတော့ တောင်ပံမှာပဲ ကစားတာများပါတယ်။ အီဂါလိုက လေ့ကျင့်ရေးကွင်းမှာ မာစီယယ်ကို နေရာယူ လှုပ်ရှားမှုပိုင်း၊ ဘောလုံးထိန်းကစားနည်း၊ ကိုယ်ပိုင်ဟန်နဲ့ ကစားနိုင်ရေးအတွက် ကူညီပေးနေပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။ မာစီယယ်ဟာ ခြေစွမ်းအတက်၊ အကျ မတည်ငြိမ်ပေမဲ့ ဒီရာသီမှာတော့ ခြေစွမ်းပြနေတယ်လို့ ဆိုနိုင်ပြီး ပြိုင်ပွဲစုံမှာ ၁၉ ဂိုး သွင်းယူထားပါတယ်။ အပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးသစ်တစ်ယောက် ခေါ်ယူနိုင်ခြေရှိတယ်ဆိုတာကို ဆိုးလ်ရှားက ငြင်းဆန်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မာစီယယ်ကို အထောင်တိုက်စစ်မှူးအဖြစ် ပုံဖော်ပေးဖို့ပဲ အာရုံစိုက်ထားတယ်လို့ သူက ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top