လာမယ့် (၆) လအတွင်း မြန်မာနိုင်ငံက ပြည်သူ (၆.၂) သန်း ဆာလောင်ငတ်မွတ်မှုဒဏ်ကို ခံစားရမယ်လို့ ကုလသမဂ္ဂပြော

Capture-1.png

ရန်ကုန်၊ သြဂုတ် (၁၈)

လာမယ့် (၆) လအတွင်းမှာ မြန်မာနိုင်ငံက ပြည်သူ (၆.၂) သန်းက ဆာလောင်ငတ်မွတ်မှုဒဏ်ကို ခံစားရတော့မှာဖြစ်တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပြပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုဟာ ပိုမိုတိုးများလာသလို ပိုဆိုးရွားလာတာကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။ ရန်ကုန်မြို့တစ်ဝိုက်က ပျံကျရပ်ကွက်တွေမှာ နေထိုင်တဲ့ အိမ်ထောင်စု (၉၀) ရာခိုင်နှုန်း နီးပါးဟာ ငွေချေးယူပြီး အစားအစာဝယ်ယူနေကြရပါတယ်။ သူတို့ ဝင်ငွေဟာလည်း တော်တော်လေးကို ကျဆင်းသွားပါတယ်။” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြောပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်မတိုင်ခင်က မြန်မာနိုင်ငံက လူဦးရေ (၂.၈) သန်းက ဆာလောင်ငတ်မွတ်မှု ဒဏ်ကိုခံစားနေရပြီး လာမယ့် (၆) လအတွင်း မှာ (၆.၂) သန်း အထိ နှစ်ဆတိုးလာမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်းမှာ အကျဉ်းအကျပ်ထဲရောက်နေတဲ့ မိသားစုတွေ ပိုမိုများပြားလာပြီး မြန်မာပြည်သူတွေအနေနဲ့ မိသားစုထမင်းဝိုင်းအတွက် အခြေခံအကျဆုံး အစားအစာ ရရှိနိုင်ရေးကိုပင် ရုန်းကန်နေကြရတယ်လို့ WFP ရဲ့ ဖော်ပြချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

မြန်မာနိုင်ငံက မိသားစုတွေဟာ အလုပ်အကိုင်ဆုံးရှုံးမှု၊ စားနပ်ရိက္ခာနဲ့ လောင်စာဆီဈေးနှုန်းမြင့်တက်မှု၊ နိုင်ငံရေးမငြိမ်သက်မှု၊ အကြမ်းဖက်မှုနဲ့ နေရပ်စွန့်ခွာရမှုတွေအကြားမှာ ခက်ခဲစွာရုန်းကန်နေရပြီး နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်မှုကလည်း ပြင်းထန်ကျယ်ပြန့်စွာ ဖြစ်ပေါ်လာတဲ့အတွက် ငတ်မွတ်မှုဘေးဒဏ်ကို ပိုမိုခံစားနေရတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပြပြောဆိုလိုက်ပါတယ်။

Photo- WFP
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top