လစ်ဘာတီရုပ်တုကို မြင်တွေ့ရဖို့ မိုင် ၃၃၀၀ စက်ဘီးစီးနှင်ပြီး လာရောက်ခဲ့တဲ့ သားအဖ (၂) ဦး

11-8-2021-yyl05.png

ရှပတ်တ် ကလိုဗာ (Shepherd Clover) ဆိုတဲ့ အသက် ၉ နှစ် အရွယ် ကောင်လေးရဲ့ အိပ်မက်ကတော့ နယူးယောက်မြို့ရဲ့အထင်ကရအမှတ်အသားတစ်ခုဖြစ်တဲ့ လစ်ဘာတီ ရုပ်တုကို မြင်တွေ့ရဖို့ပါပဲ။ ရှပတ်တ်က လစ်ဘာတီရုပ်တုမြင်ရဖို့အတွက် သူ‌ နေထိုင်ရာ ဝါရှင်တန်ပြည်နယ်ကနေ နယူးယောက်ကို လေယာဉ်စီးပြီးတော့ မသွားချင်ခဲ့ပါဘူး။ ဒါကြောင့် သူ့အဖေနဲ့အတူ လစ်ဘာတီရုပ်တုဆီ သွားရောက်ဖို့အတွက် စက်ဘီးနဲ့ခရီးနှင်မယ်ဆိုတဲ့ အကြံကို စိတ်ကူးမိခဲ့ပါတယ်။ ရှပတ်တ်ရဲ့ဖခင် ဂျိမ်းကလည်း နွေရာသီမှာ သူတို့သားအဖ စက်ဘီးအတူတူစီးရင်း ကုန်ဆုံးနိုင်မှာဖြစ်တဲ့အတွက် သူ့သားရဲ့အကြံကို လက်ခံခဲ့ပါတယ်။

ရှပတ်တ်တို့သားအဖ (၂) ဉီးဟာ လစ်ဘာတီရုပ်တုကို မြင်တွေ့ရဖို့အတွက် စက်ဘီးကိုယ်စီနဲ့ (၁၈) ပတ်နဲ့ မိုင် ၃၃၀၀ ခရီးနှင်ပြီးတဲ့နောက်မှာ နယူးယောက်မြို့ကို ရောက်ရှိသွားခဲ့ပါတယ်။ “အခုလိုခရီးနှင်ရတာနဲ့ ထိုက်တန်ပါတယ်။ တော်တော်မိုက်တယ်” လို့ ရှပတ်တ်က ဆိုပါတယ်။ အသက် (၉) နှစ်သာရှိသေးတဲ့ ရှပတ်တ်အတွက်တော့ ဒီခရီးက စွန့်စားမှုကြီးပါပဲ။

ကလေးတစ်ယောက်အတွက် စက်ဘီးနဲ့ခရီးနှင်ရတာက အားအင်တွေ အတော်လေးကုန်ပြီး ခြေထောက်ညောင်းမှာဖြစ်ပါတယ်။ ခြေထောက်ညောင်းလာလို့ ရှပတ်တ်ကို သတင်းဌာနတစ်ခုကမေးမြန်းတော့ “ကျွန်တော့်ခြေထောက်တွေက ကျွန်တော့်အဖရဲ့ခြေထောက်တွေလောက်တော့ မဆိုးပါဘူး” လို့ ရယ်ပြီး ဖြေကြားပါတယ်။

ရှပတ်တ်တို့သားအဖ (၂) ဉီးက လွန်ခဲ့တဲ့ (၂) နှစ်ကျော်ကတည်းက ဒီစွန့်စားမှုကို စတင်ခဲ့တာပါ။ ဒါပေမဲ့ ရှပတ်တ်က စက်ဘီးစီးနေရင်း ခေါင်းတွေ အရမ်းကိုက်လာပြီး နေမကောင်းဖြစ်ခဲ့တဲ့အတွက် ဆေးရုံတက်လိုက်ရပါတယ်။ ဆရာဝန်က စစ်ဆေးကြည့်တော့ ရှပတ်တ်မှာ အမျိုးအစား ၁ ဆီးချိုရောဂါရှိနေခဲ့ပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ခရီးစဉ်ကို ရပ်နားခဲ့ရပါတယ်။

အခုနှစ်မှာ သူတို့ရဲ့ခရီးစဉ်ကို ပြန်စတင်ခဲ့ပါတယ်။ ရှပတ်တ်က သူနဲ့အတူ အင်ဆူလင်ကို သယ်ဆောင်သွားရပါတယ်။ အခုဆိုရင် ရှပတ်တ်က စက်ဘီးနဲ့ခရီးနှင်ပြီး လစ်ဘာတီရုပ်ကို မြင်တွေ့ခဲ့ရပြီးနောက်မှာတော့ ဝါရှင်တန်ပြည်နယ်က နေအိမ်ကို ပြန်ရောက်ရှိနေပါပြီ။ တနင်္လာနေ့က သူ့အမေနဲ့ ပြန်ဆုံစည်းခဲ့ကြပါတယ်။ ရှပတ်တ်က သူ့အဖေနဲ့အတူ နောက်ထပ်စွန့်စားမှုတွေလုပ်ချင်နေတုန်းပါပဲ။

Ref: CBSNews “Father and son take bike ride of a lifetime to Statue of Liberty”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top