အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲဖို့ သဘောတူ

28.1.2025-yyl-4.png

အိန္ဒိယနဲ့ တရုတ်နိုင်ငံဟာ ၅ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲဖို့ သဘောတူညီခဲ့ကြပါပြီ။

ကိုဗစ်-၁၉ ကပ်ရောဂါကာလ ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှာ နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ခဲ့တာဖြစ်ပြီး အဲဒီနောက်နှောင်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ဟိမဝန္တာနယ်စပ် တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၄ လအတွင်းမှာတော့ နှစ်နိုင်ငံကြား ဆက်ဆံရေး ပြန်လည်တိုးတက်လာပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရုရှားနိုင်ငံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် ဗစ်ခရမ်မစ်ဆရီရဲ့ ဘေဂျင်းခရီးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲဖို့ သဘောတူညီကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။ ဒါဟာ ကမ္ဘာ့လူဦးရေအထူထပ်ဆုံး နိုင်ငံနှစ်နိုင်ငံကြား အေးခဲနေတဲ့ ဆက်ဆံရေးအရည်ပျော်လာတဲ့ အရိပ်အယောင် ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလမတိုင်ခင် အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား တိုက်ရိုက်ပြေးဆွဲတဲ့ လေကြောင်းခရီးစဉ်ဟာ တစ်လကို ၅၀၀ နီးပါးလောက် ရှိတယ်လို့ အိန္ဒိယမီဒီယာ Moneycontrol က ဖော်ပြထားပါတယ်။

Ref: India and China agree to resume air travel after nearly five years
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply