ဖိနပ်မစီးရတဲ့ ကလေးတွေအတွက် လှူဒါန်းမှုတွေပြုလုပ်နေတဲ့ စေတနာရှင်မလေး

11-8-2021-yyl02.png

ချီကာဂိုမြို့က အသက် ၁၂ နှစ်အရွယ်သာရှိသေးတဲ့ ကာရီ ကိုရန်တန် (Kerry Koranteng) ဆိုတဲ့ ကောင်မလေးဟာ ဖိနပ်တွေ စုဆောင်းလို့နေပါတယ်။ သူဝတ်ဖို့အတွက် စုဆောင်းနေတာတော့မဟုတ်ပါဘူး။ ဖိနပ်မစီးကြရတဲ့ သူနဲ့သက်တူရွယ်တူ၊ မတိမ်းမယိမ်းကလေးတွေအတွက်ပါ။ သူဟာ ဖိနပ်တွေစုဆောင်းပြီး အဲဒီကလေးတွေဆီ လှူဒါန်းနေတဲ့ စေတနာရှင်မလေးပါ။ ဘာလို့အခုလို ဖိနပ်တွေလှူဒါန်းဖြစ်ခဲ့ရလဲဆိုရင် ကာရီ အသက် ၈ နှစ်အရွယ်တုန်းက ဂါနာနိုင်ငံကို အလည်သွားတဲ့အချိန် ဖိနပ်မပါတဲ့ ကလေးတိုင်းကို မြင်တွေ့မိခဲ့တာကနေ ဖြစ်တည်လာခဲ့တာပါ။

“ဂါနာနိုင်ငံရဲ့ရွာမှာ နေထိုင်တဲ့ သမီးရဲ့အန်တီဆီ အလည်သွားတဲ့အချိန်မှာ ဖိနပ်မပါတဲ့ ကလေးတိုင်းကို မြင်တွေ့ခဲ့ရတယ်။ ဒါက အရမ်းအန္တရာယ်များတယ်လို့သမီး နားလည်မိခဲ့တယ်” လို့ကာရီက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကမှ နိုင်ငံတွင်း အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းရဲ့ပံ့ပိုးမှုနဲ့ ဂါနာနိုင်ငံက ကလေးတွေဆီ ဖိနပ်တွေ စတင်ပေးပို့နိုင်ခဲ့ပါတယ်။ တချို့ကလေးတွေက ကာရီနဲ့ သက်တူရွယ်တူတွေပါပဲ။

ကာရီက ဖိနပ်တွေသယ်ယူစရိတ်အတွက်လည်း ငွေစုဆောင်းခဲ့သလို ကျောင်းပိတ်တဲ့အချိန် နွေရာသီနဲ့ဆောင်းရာသီအတွင်း ဂါနာနိုင်ငံကို အလည်သွားတဲ့အချိန် သူ့ရဲ့ခရီးဆောင်အိတ်ထဲ ဖိနပ်တွေသိပ်ထည့်လာတတ်ပါတယ်။ “ဆရာမတွေလည်း အဲဒီနေရာမှာရှိတယ်။ သူတို့က သမီးကို ပြောတယ်။ ဘယ်ကလေးတွေက ပိုပြီး လိုအပ်တယ်ဆိုတာ။ သမီး ဖိနပ်တွေယူလာပြီး ပိုပြီးလိုအပ်တဲ့ကလေးတွေကို အရင်ဆုံးပေးတယ်။ ပြီးမှ အခြားကျောင်းသား၊သူတွေကို ပေးတယ်” လို့ ကာရီက ဆိုပါတယ်။

ကာရီအိမ်ရဲ့ဧည့်ခန်းက ဖိနပ်ဆိုင်လို့တောင် ဖြစ်နေပါပြီ။ ဖိနပ်ဗူးတွေနဲ့ ပြည့်နေပါတယ်။ ကာရီက ချီကာဂိုကနေ ဂါနာဆီ ဖိနပ် အရံ (၁၀၀၀) နီးပါးပို့ဆောင်ပြီးသွားပါပြီ။ ကျောင်းကို ဖိနပ်မပါဘဲ ခြေဗလာနဲ့ လမ်းလျှောက်သွားလေ့ရှိတဲ့ အသက် (၉) နှစ်အရွယ် မယ်ရီ ဂျာလီဆာလိုမျိုး ကလေးတွေလက်ထဲ ဖိနပ်တွေ ရောက်ရှိသွားခဲ့ပါတယ်။

“အရင်တုန်းက ဒီလိုမျိုး သမီးကို ဘယ်သူကမှ မပေးဖူးဘူး။ ကျောင်းသွားတဲ့အခါ ဘုရားကျောင်းသွားတဲ့အခါ နေရာတိုင်းကို ဒီဖိနပ်တွေ စီးသွားတယ်” လို့ မယ်ရီက သူ့မျက်နှာ အပြုံးပန်းဆင်ပြီး ပြောပြရှာပါတယ်။ ကာရီရဲ့ရက်ရက်ရောရောလှူဒါန်းမှုက ဖိနပ်ရရှိခဲ့တဲ့ကလေးတွေကို ပျော်ရွှင်စွာနဲ့ ကခုန်ခဲ့စေပါတယ်။

ကာရီရဲ့မျှော်လင့်ချက်က အခြားသူတွေကို အားဖြစ်စေဖို့ပါပဲ။ “သမီး အခြားသူတွေကို ကူညီရင် သမီးလိုမျိုးပဲ လုပ်ဖို့ အခြားသူတွေကို တွန်းအားဖြစ်စေကောင်းဖြစ်စေနိုင်ပါတယ်”

Ref: CBSNews “No one has given me shoes like that before”: Girl puts heart and sole into helping kids in Ghana”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top