(၁) နှစ်ခွဲအကြာမှ ပန်းချီဆရာတစ်ဦး အပြီးသတ်ရေးဆွဲပြီးခဲ့တဲ့ အလျား ၆၀ မီတာ ပန်းချီကား

စင်ကာပူနိုင်ငံသား ပန်းချီဆရာ ရီယွီချုံဟာ ၂၀၂၁ ခုနှစ်ကစရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ကို မနေ့က အပြီးသတ်ရေးဆွဲပြီးခဲ့ပါတယ်။ အဲဒီပန်းချီကားဟာ အိုလံပစ်ရေကူးကန်ရဲ့အလျားထက် ၁၀ မီတာ ပိုရှည်ပြီး ပုံကွက် ၂၇ ကွက်ပါဝင်ပါတယ်။ ပုံကွက်တစ်ခုစီဟာ စင်ကာပူနိုင်ငံက ဧရိယာတွေကို သရုပ်ဖော်ထားတာပါ။ ပန်းချီကားမှာပါတဲ့ အထင်ကရအဆောက်အဦးတွေက တကယ်ရှိတဲ့အရာတွေဖြစ်ပေမဲ့ လမ်းနဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေက လုံးဝ စိတ်ကူးယဉ်ရေးဆွဲထားတဲ့အရာတွေပါ။

ရီယွီချုံဟာ ၅.၂၅ မီတာရှည်တဲ့ စုန်မင်းဆက်ပန်းချီကား “Along the River during the Qingming Festival” နဲ့ဆင်တူတဲ့ တရုတ်ပန်းချီကားတစ်ချပ်ကနေ စိတ်ကူးစိတ်သန်းယူပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ဒီပန်းချီကားကို စတင်ရေးဆွဲခဲ့တာပါ။ သူ့ရဲ့ဒီကိုယ်ပိုင်ပရောဂျက်မှာ ၁၉၇၀ ခုနှစ်နဲ့ ၁၉၈၀ ခုနှစ်တွေက စင်ကာပူနိုင်ငံရဲ့မြင်ကွင်းတွေရဲ့ရောနှောပေါင်းစပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အစက သူဟာ မီတာ ၅၀ ရှည်တဲ့ပန်းချီကားရေးဆွဲဖို့နဲ့ တစ်နှစ်အတွင်း အပြီးသတ်ဖို့ စီစဉ်ထားခဲ့တာပါ။

ဒါပေမဲ့ ပြီးခါနီးကျမှ Caldecott Hill နဲ့ the Southern Islands တွေလို နေရာတွေကို သရုပ်ဖော်ဖို့ နောက်ထပ် ပုံကွက် (၄) ကွက်လောက် ထပ်ထည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် ပန်းချီကားပြီးစီးမယ့်ရက်ကို ၅ လထပ်တိုးခဲ့ရလို့ (၁) နှစ်ခွဲမှ ပြီးစီးခဲ့ရပါတယ်။ (၁) နှစ်ခွဲအတွင်း ရီယွီချုံက သူ့ရဲ့စတူဒီယိုမှာ တစ်ယောက်တည်း ရေးဆွဲခဲ့တာပါ။ ဒီပန်းချီကားဆွဲနေရတဲ့အတွက် အခြားပရောဂျက်တွေကိုလည်း မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

နောက်ဆုံးပုံကွက်ကို ဆွဲတဲ့အချိန် ဇန်နဝါရီ ၁၀ ရက်နဲ့ ဇန်နဝါရီ ၁၅ ရက်ကြားအတွင်း သူ ရေးဆွဲနေတာကို လူတွေ လာကြည့်လို့ရအောင်လုပ်ပေးခဲ့ပါတယ်။ သူ ပန်းချီကားရေးဆွဲနေတာကို လာကြည့်တဲ့သူတွေလည်း အများကြီးပါပဲ။ ပန်းချီကားပြီးခါနီးရောက်တော့ ဘယ်လို ခံစားရလဲလို့ ရီယွီချုံကို သတင်းဌာနတစ်ခုက မေးတော့ သူက “ပြီးခါနီးတော့မှာဖြစ်တဲ့အတွက် စိတ်သက်သာရာရတယ်။ ပျော်တယ်။ အိပ်မက်အမှန်တကယ်ဖြစ်လာပြီ”လို့ ဆိုပါတယ်။ ဇန်နဝါရီ ၁၅ ရက်နေ့၊ စင်ကာပူစံတော်ချိန်ညနေ ၄ နာရီမှာ ရီယွီချုံက ဒီပန်းချီကားကို အပြီးသတ်ရေးဆွဲပြီးသွားခဲ့ပါတယ်။

ရီယွီချုံက အခုနှစ်ကုန်လောက်မှာ သူ့ရဲ့ဒီပန်းချီကားကို ခင်းကျင်းပြသဖို့ စီစဉ်နေပါတယ်။ ပြပွဲက အခမဲ့ဖြစ်မှာပါ။ ပြပွဲကို တတ်နိုင်သလောက် လူများများလာရောက်ကြည့်ရှုကြဖို့ သူ မျှော်လင့်နေပါတယ်။ ရီယွီချုံက အခုလိုပန်းချီကားကြီးတွေ အပါအဝင် နောက်ထပ်ပန်းချီကားတွေရေးဆွဲဖို့ အစီအစဉ်လည်းရှိနေပါတယ်။

Ref: Mothership “Mural artist Yip Yew Chong finishes 60m painting of old S’pore after 1.5 years”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top