လေထုညစ်ညမ်းမှုကို ကာကွယ်ဖို့ ကောက်ရိုးအသုံးပြု ဆွေးမြေ့လွယ်တဲ့ ဖော့ပစ္စည်းတွေ ထုတ်လုပ်နေသူ

24.3.2023-yyl-iamge-2.jpg

အိန္ဒိယမှာ နှစ်စဉ်နှစ်တိုင်း လယ်ရိတ်ပြီးရင် ကောက်ရိုးတန်ချိန်သန်းချီကို မီးရှို့ပစ်ကြလို့ လေထုညစ်ညမ်းမှု ကြုံနေရတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေသူထဲမှာ နယူးဒေလီမြို့အခြေစိုက် အင်ဂျင်နီယာ အာပစ်ဒူပါလည်း ပါတယ်။ သူက ကောက်ရိုးတွေကို သုံးပြီး ထုတ်ပိုးရာမှာ အသုံးပြုတဲ့ ဖော့ပစ္စည်းတွေ ပြန်လည်ထုတ်လုပ်နေတာပါ။

အာပစ်ဒူဟာ သူ့တူလေး ပုံဆွဲနေတာကိုကြည့်ပြီး ဒီလိုဖန်တီးဖို့ အကြံရခဲ့တာပါ။ သူ့တူလေးဆွဲထားတဲ့ပုံထဲမှာ ကောင်းကင်ကို အပြာရောင်မခြယ်ဘဲ မီးခိုးရောင်ခြယ်သထားတာကို သူတွေ့ခဲ့ပါတယ်။ ဒါဟာ ကောက်ရိုးတွေ မီးရှို့ထားလို့ ကောင်းကင်မီးခိုးရောင် ဖြစ်နေတာကို ရည်ညွှန်းမှန်း သူ ရိပ်စားမိခဲ့ပါတယ်။

စွန့်ပစ်ကောက်ရိုးတွေနဲ့ လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ သူ့ရဲ့တက်သစ်စကုမ္ပဏီကို Dharaksha Ecosystems လို့ အမည်ပေးထားတယ်။ ပန်ဂျပ်နဲ့ ဟာယာနာပြည်နယ်တွေမှာရှိတဲ့ လယ်ဧက ၁၀၀ ကနေ ရရှိလာတဲ့ ကောက်ရိုးကုဗတန် ၂၀၀ ကို ဖော့ပစ္စည်းတွေအဖြစ် ပြောင်းလဲပေးခဲ့တာပါ။

သူက ကောက်ရိုးတွေကို အလကား မယူပါဘူး။ လယ်သမားတွေကို တဧက အမေရိကန်ဒေါ်လာ ၃၀ ပေးပါတယ်။ ကောက်ရိုးကနေ ထုတ်လုပ်ထားတဲ့ ဖော့ပစ္စည်းတွေဟာ သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးနိုင်စွမ်း ရှိတာက အားသာချက်ပါပဲ။ ဒါ့အပြင် စိုထိုင်းဆဒဏ် ခံနိုင်ရည်ရှိသလို ဓာတ်ကာနိုင်စွမ်းလည်း ရှိပါတယ်။

Dharaksha Ecosystems ကုမ္ပဏီဟာ လစဉ်လတိုင်း ကုဗတန် ၂၀ ရှိတဲ့ ဖော့ပစ္စည်းတွေ ထုတ်လုပ်ရောင်းချလျက်ရှိပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃၀၅၀၀ ဝင်ငွေ ရရှိနေပါတယ်။ သူတို့ရဲ့ဖော့ပစ္စည်းတွေကို အဓိက ဝယ်ယူနေတာကတော့ ဖန်ထည်ပစ္စည်း ထုတ်လုပ်ရောင်းချသူတွေပါပဲ။

Ref: Indian Startup Uses Rice Crop Waste to Make Biodegradable Foam Packaging–Instead of Burning it

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top