နေ့စဉ်နေဝင်ချိန် ၁၆ ခါ မြင်တွေ့ရတဲ့ အာကာသစခန်းမှာ ရှိနေတဲ့ အာကာသယာဉ်မှူး ရာမဒန်ဥပုသ်ကို ဘယ်လိုစောင့်မလဲ

24.3.2023-yyl-iamge-5.jpg

ယွန်ကစ်ပူးနဲ့ ရာမဒန်လို ဥပုသ်လတွေမှာ နေဝင်ချိန်ဟာ တစ်ရက်တာ အစားမစားဘဲ နေတဲ့အချိန်ပြီးသွားပြီး အရသာရှိတဲ့အစာတွေ စားသုံးဖို့ ညွှန်ပြတာပါ။ ဒါပေမဲ့ နိုင်ငံတကာအာကာသစခန်းမှာ ရှိနေတဲ့ ရာမဒန်ဥပုသ်စောင့်ရမယ့် အာကာသယာဉ်မှူးတွေအတွက် နေရဲ့နာရီလက်တံက ရုတ်တရက်ပြောင်းလဲသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ။ အာကာသစခန်းမှာက တစ်နေ့ကို နေထွက်ချိန်၊ နေဝင်ချိန် ၁၆ ခါ မြင်တွေ့ရတာပါ။

မွတ်စလင်လူမျိုး အာကာသပညာရှင် ဆူလ်တန် အယ်လ်နီရာဒီဆိုရင် ရာမဒန်ဥပုသ်ကာလမတိုင်ခင် မတ်လ ၃ ရက်နေ့က အာကာသစခန်းကို ရောက်ရှိနေခဲ့တာပါ။ သူဟာ အာကာသကို သွားရောက်ခဲ့တဲ့ မွတ်စလင်အာကာသယာဉ်မှူးအနည်းငယ်ထဲမှာ တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အာကာသခရီးမစ်ရှင်က ၅ လကျော်လောက် ကြာမြင့်မှာဖြစ်ပြီး အဲ့ဒါပြီးသွားရင်တော့ အာကာသစခန်းမှာ ကာလကြာရှည်နေထိုင်နိုင်တဲ့ ယူအေအီးက ပထမဆုံးအာကာသယာဉ်မှူးဖြစ်လာမှာပါ။

အဲဒီမှာ သူ နေထိုင်နေစဉ်အတွင်း ကမ္ဘာမြေမှာရှိတဲ့ မွတ်စလင်တွေက မတ်လ ၂၂ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်အထိ ကြာမြင့်တဲ့ ရာမဒန်ဥပုသ်လကို စောင့်ထိန်းကြမှာပါ။ အာကာသယာဉ်မှူး ဆူလ်တန်ကတော့ ရာမဒန်ဥပုသ်လမှာ သူ အာကာသစခန်းမှာ ရှိနေမှာဖြစ်တဲ့အတွက် ဘယ်လိုလုပ်မလဲဆိုတာ ဇန်နဝါရီလက သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။ (၆) လက ကြီးမားတဲ့တာဝန်ဖြစ်တဲ့ မစ်ရှင်တစ်ခုအတွက် ကြာမြင့်တဲ့အချိန်အတိုင်းအတာဖြစ်ပြီး အာကာသယာဉ်မှူးတစ်ယောက်အနေနဲ့ ရာမဒန်ဥပုသ်စောင့်ထိန်းဖို့ ကြိုးစားတာကနေ လွတ်ကင်းတယ်လို့ သူက ဆိုပါတယ်။

“တကယ်တော့ ကျွန်တော်တို့ ဥပုသ်စောင့်တာကို ချိုးဖျက်လို့ရပါတယ်။ ဒါဟာ မလုပ်မနေရမဟုတ်ဘူး။ နေလို့ထိုင်လို့မကောင်းရင် အစားမစားဘဲ နေတာကို မဖြစ်မနေလုပ်ရတာမဟုတ်ပါဘူး။ ဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို အစားအစာ၊ အာဟာရချို့တဲ့တာ၊ ရေဓာတ်ချို့တဲ့တာကနေ တားဆီးဖို့အတွက် လုံလောက်တဲ့အစားအစာကို စားသုံးခွင့်ပြုထားတယ်လို့ သူက ဆိုပါတယ်။ အာကာသစခန်းမှာ တရားဝင် Time Zone အဖြစ် အသုံးပြုတဲ့ Greenwich Mean Time (သို့) Coordinated Universal Time အရ ဥပုသ်စောင့်လို့ရတယ်လို့လည်း သူက ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲတုန်းက သူဟာ “ကျွန်တော်တို့မှာ အခွင့်အရေးရှိခဲ့ရင် ရာမဒန်က ဥပုသ်စောင့်လို့ကောင်းတဲ့ အခါသမယဖြစ်ပြီး တကယ်ကို ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။ ဘယ်လိုဖြစ်မလဲဆိုတာကို စောင့်ကြည့်ရပါမယ်”တဲ့။

သမိုင်းတစ်လျှောက် အာကာသမှာ ဘာသာရေးလုပ်ခဲ့တာတွေလည်း ရှိပါတယ်။ ၁၉၆၈ ခုနှစ်က NASA ရဲ့ Apollo 8 မစ်ရှင်အတွင်း အာကာသယာဉ်မှူးတွေဟာ လကမ္ဘာလှည့်ပတ်တဲ့ လမ်းကြောင်းပေါ်မှာ ကမ္ဘာဦးကျမ်းစာအုပ်ကို ဖတ်ရှုခဲ့ကြပါတယ်။ ၁၉၆၉ ခုနှစ်က ပထမဆုံးလကမ္ဘာပေါ်ဆင်းသက်စဉ်အတွင်း အာကာသယာဉ်မှူး ဘာ့ဇ် အယ်လ်ဒရင်က Eagle lunar lander အာကာသယာဉ်ပေါ်ကနေ ခရစ်တော်ရဲ့နောက်ဆုံးညစာအထိမ်းအမှတ်ပွဲအဖြစ် ပေါင်မုန့်နဲ့ စပျစ်ရည်သုံးဆောင်တဲ့ ဘာသာရေးအခမ်းအနားကို ခံယူခဲ့ပါတယ်။

၂၀၀၇ ခုနှစ်က မလေးရှားအာကာသယာဉ်မှူး ရှီရက်ချ် မူစ်ဇာဖာ ရှုကိုဟာ နိုင်ငံတကာအာကာသစခန်းမှာနေထိုင်စဉ်အတွင်း ဘာသာရေးဓလေ့လုပ်ခဲ့တဲ့ပထမဆုံးမွတ်စလင်လူမျိုးဖြစ်လာခဲ့ပြီး မလေးရှားရဲ့ the Islamic National Fatwa Council က သူနဲ့ အနာဂတ်မွတ်စလင်အာကာသယာဉ်မှူးတွေရဲ့ဓလေ့ထုံးစံတွေကို လမ်းပြဖို့ အထူးလမ်းညွှန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့အာကာသခရီးစဉ်နဲ့ ရာမဒန်ဉပုသ်လနဲ့ တိုက်ဆိုင်နေပေမဲ့ ကောင်စီဟာ သူ ဥပုသ်စောင့်တာကို ကမ္ဘာမြေပြန်ရောက်တဲ့အထိ ရွှေ့ဆိုင်းနိုင်သလို သူ ရောက်နေတဲ့ နေရာရဲ့ Time Zone နဲ့အညီ ဥပုသ်စောင့်လို့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

အာကာသစခန်းမှာ ကျင်းပခဲ့တဲ့ အခြားဘာသာရေးအခမ်းအနားတွေထဲမှာ နှစ်စဉ်ခရစ္စမတ်ပွဲတွေနဲ့ ဂျူးတွေရဲ့ အားလပ်ရက်ပွဲတွေဖြစ်တဲ့ ပဿခါပွဲတော်နဲ့ ဟာနူကာပွဲတွေလည်း ပါဝင်ပါတယ်။

Ref: Astronaut Sultan Alneyadi sees 16 sunsets daily on the space station. How will he observe Ramadan?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top