ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)

30-4-2020-yyl-014.jpg

မေလ ၁ ရက်နေ့က ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) ဆိုတာကို လူတိုင်းသိကြမှာပါ။ အဲဒီနေ့မှာ အစိုးရရုံးတွေ၊ အလုပ်ရုံတွေပိတ်ကြပြီး အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။ အလုပ်သမားနေ့ဟာ ကမ္ဘာပေါ်က အလုပ်သမား လူတန်းစားတွေအတွက် အလွန်အရေးပါတဲ့နေ့ပါပဲ။ ဒီနေ့လေးက အလုပ်သမားထုကြီးရဲ့ အသက်၊ သွေး၊ ချွေးတို့နဲ့ ပေးဆပ်ခဲ့ရပြီးမှ ပေါ်ပေါက်လာခဲ့ရတာပါ။

မေဒေးပေါ်ပေါက်လာအောင် ဖန်တီးလိုက်တဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ပဋိပက္ခမှုဟာ ၁၉ ရာစုအစမှစပြီး အမေရိကန်ပြည်ထောင်စုမှာ စတင်ခဲ့တာပါ။ “မေဒေးအစ အမေရိကန်”လို့တောင် ပြောဆိုကြပါတယ်။ အဲဒီခေတ်က အလုပ်သမားတွေဟာ နေထွက်မှနေဝင်ချိန်ထိ တစ်နေ့ကို ၁၆ နာရီမှ နာရီ ၂၀ အထိ အလုပ်ရုံ၊ စက်ရုံတွေမှာ ပင်ပန်းကြီးစွာ အလုပ်ဆင်းခဲ့ကြရပါတယ်။ အဲဒီလို အလုပ်လုပ်ကြရတဲ့ အလုပ်သမားတွေရဲ့ဘဝကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရတဲ့ အလုပ်သမားခေါင်းဆောင်တွေက အလုပ်သမားတွေ သက်သာစေဖို့ အလုပ်ရှင်တွေဆီ အရေးဆိုခဲ့ကြပါတယ်။.

၁၈၂၀ ပြည့်နှစ်ကနေ ၁၈၄၀ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင်တွေက တစ်နေ့ကို အလုပ်ချိန် ၁၀ နာရီသာ ကန့်သတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့အလုပ်ချိန် လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်တဲ့ အလုပ်သမားတွေက ဖမ်းဆီးနှိပ်ကွပ်ခြင်း ခံခဲ့ရပါတယ်။ အလုပ်သမား အင်အားစုတွေကလည်း အလျော့မပေးဘဲ ဆက်လက်ကြိုးပမ်းခဲ့ကြပါတယ်။ ၁၈၈၄ ခုနှစ်မှာတော့ အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံမှာ ၁၈၈၆ ခု မေလ ၁ ရက်နေ့မှစပြီး တစ်နေ့ကို ၈ နာရီသာ အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလို အလုပ်ချိန်လျော့သွားခဲ့ပေမဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေခံရပြီး အလုပ်ကနေထုတ်ပစ်ခဲ့ရတဲ့အပြင် ထောင်ကျပြီး သေကြေပျက်စီးသူတွေလည်း များခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အလုပ်သမားတွေရဲ့အရေးဟာအောင်မြင်သွားခဲ့ပါတယ်။

၁၈၈၉ ခုနှစ် ပါရီမြို့မှာကျင်းပတဲ့အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တို့ရဲ့ ဒုတိယညီလာခံက မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့လို့ သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီနေ့ဆိုရင် ဟောပြောပွဲများ၊ အထိမ်းအမှတ်ပွဲများ ကျင်းပကြသလို အလုပ်သမားတွေက လုပ်ခအပြည့်နဲ့ အားလပ်ခွင့်ရကြပါတယ်။ ၁၈၉၀ခုနှစ် မေလ ၁ ရက်နေ့မှ စတင်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အလုပ်သမားနေ့အထိမ်းအမှတ်ပွဲများ ပထမဆုံးကျင်းပခဲ့ကြပါတယ်။ အခုအခါမှာတော့ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းများစွာမှာ အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၃၈ခုနှစ်မှစတင်ပြီး အလုပ်သမားနေ့(မေဒေး)ကို ကျင်းပနိုင်ခဲ့ပါတယ်။ ၁၉၄၈ခုနှစ် မြန်မာနိုင်ငံကို လွပ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုလာတဲ့အခါမှာ မေဒေးနေ့ကို ဂေဇက်ဝင်ရုံးပိတ်ရက်အဖြစ် ပြဋ္ဌာန်းခဲ့ပါတယ်။ အခုနှစ် ၂၀၂၀ပြည့်နှစ် မေလ (၁)ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့(မေဒေးနေ့)က နိုင်ငံတကာအတွက် (၁၃၀)ကြိမ်မြောက်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာတော့ ၁၉၃၈ခုနှစ် မေလ (၁)ရက်နေ့မှ ပထမအကြိမ်ကျင်းပနိုင်ခဲ့တဲ့အတွက် (၄၈)နှစ် နောက်ကျပြီး ကျင်းပခဲ့တာကြောင့် ၂၀၂၀ပြည့်နှစ် မေလ (၁)ရက်နေ့မှာကျရောက်တဲ့ အလုပ်သမားနေ့ (မေဒေးနေ့)က မြန်မာနိုင်ငံအတွက် (၈၂)ကြိမ်မြောက်ဖြစ်ပါတယ်။

အလုပ်သမားနေ့(မေဒေး)က အလုပ်သမားထုကြီးရဲ့အသက်၊ သွေး၊ ချွေးတွေနဲ့ ပေးဆပ်ခဲ့ပြီးမှ ဖြစ်ပေါ်လာရတဲ့ သမိုင်းဝင်နေ့လေးဖြစ်တဲ့အတွက် ဂုဏ်ပြုလိုက်ရပါတယ်။

Ref: wikipedia

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top