ဇာတ်ကောင်စရိုက်ကို ထင်ဟပ်စေတဲ့ It’s Okay to Not Be Okay ဇာတ်လမ်းတွဲထဲက ဝတ်ဆင်မှုများ

21-7-2020-yyl-016.jpg

အခုလက်ရှိ နိုင်ငံတကာက ကိုရီးယားဒရာမာပရိသတ်တွေရော မြန်မာပြည်က ဒရာမာပရိသတ်တွေပါ စိတ်ဝင်တစားနဲ့ကြည့်ရှုနေတဲ့ဇာတ်လမ်းတွဲကတော့ “It’s Okay to Not Be Okay” ဆိုတဲ့ စိတ္တဇဆန်ဆန်ဇာတ်ကားလေးပါပဲ။ ဒီဇာတ်လမ်းတွဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေက ဒိတ်ဒိတ်ကြဲတွေဖြစ်သလို ဇာတ်အိမ်ကလည်း အခြားဇာတ်လမ်းတွဲတွေနဲ့မတူဘဲ လုံးဝကို ကွဲထွက်နေတာဖြစ်ပါတယ်။ ဇာတ်ကောင်တစ်ယောက်ချင်းစီတိုင်းရဲ့ဝတ်စားဆင်ယင်မှုကလည်း ထူးခြားပြီး သူတို့ကိုယ်တိုင်ကလည်း အတိတ်က နာကျင်စရာအဖြစ်အပျက်တွေရှိခဲ့ဖူးတဲ့သူတွေပါပဲ။

မကြာသေးခင်ကမှ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ထွက်ရှိလာတာကတော့ ဇာတ်လမ်းထဲမှာ အဓိကမင်းသမီး ဆိုရီဂျီ ဝတ်ဆင်တဲ့အဝတ်အစားတွေက သူ့ဇာတ်ကောင်ရဲ့ပင်ကိုယ်စရိုက်ကို အဓိပ္ပာယ်ဖော်ထားတယ်ဖြစ်တယ်ဆိုတာပါပဲ။ တကယ်တော့ အဓိကမင်းသမီး တစ်ယောက်တည်းတင် မဟုတ်ပါဘူး။ အဲဒီဇာတ်လမ်းမှာ ပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ အဝတ်အစားတွေက ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ပင်ကိုယ်စရိုက်ကို အဓိပ္ပာယ်ဖော်ဆောင်နေတာဖြစ်ပါတယ်။


ဒီအကြောင်းကို ဝတ်စုံဒီဇိုင်းနာ ဂျိုဆန်ဂယောင်းက ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ဖက်ရှင်အမြင်ကို သူတို့ရဲ့ပင်ကိုယ်စရိုက်နဲ့လိုက်ဖက်ဖို့ လေးလေးနက်နက် ရုပ်လုံးဖော်ထားတယ်ဆိုတာကို ထုတ်ပြောပြခဲ့ပါတယ်။ “ဝတ်စုံတွေကို ဇာတ်ကောင်နဲ့ လိုက်ဖက်အောင် လုပ်ထားပါတယ်။ ဒါမှ ကြည့်ရှုသူတွေက ဇာတ်ကောင်တွေကို မျက်စိတစ်ချက် ဝေ့ကြည့်လိုက်တာနဲ့ သူတို့ရဲ့အပြုအမူ၊ စရိုက်ကို အလွယ်တကူ ခန့်မှန်းနိုင်မှာပါ”လို့ ပြောပါတယ်။ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့အဝတ်အစားတွေက ဘယ်လိုအဓိပ္ပာယ်ရှိလဲဆိုတာ ဆက်ကြည့်ရအောင်..။


မွန်ဂန်ထယ် (ကင်ဆိုးဟွန်) – သံယောဇဉ်ကြီးမားခြင်း


အဓိကဇာတ်ကောင်မွန်ဂန်ထယ်က သူ့ရဲ့အစ်ကို မွန်ဆန်းထယ်ကို ကြည့်ရှုစောင့်ရှောက်ရင်းနဲ့ သူ့ဘဝကို နှစ်မြှုပ်ထားခဲ့ပါတယ်။ သူ့ရဲ့မေတ္တာတရားကြီးမားမှု၊ သံယောဇဉ်ကြီးမားမှုတို့ကို သိရှိစေဖို့အတွက် သူ့အဝတ်အစားတွေကို ဟန်ဆောင်မှုမရှိတဲ့၊ သက်တောင့်သက်သာ ဖြစ်တဲ့ပုံစံနဲ့ ကိုယ်စားပြုဖို့ ဒီဇိုင်နာ ဆန်ဂယောင်းက ဆုံးဖြတ်ခဲ့တာပါ။ “သူ့ပုံစံက ရိုးရိုးဘောင်းဘီရှည်နဲ့ တီရှပ်ပါပဲ။ ဒါက ပုံပန်းအသွင်အပြင်ကို မထူးခြားဘဲ ရိုးရိုးရှင်းရှင်းပါ”လို့ ပြောပါတယ်။


မွန်ဆန်းထယ် (အိုဂျောင်းဆယ်) – ထပ်ခါတလဲလဲ


ဂန်ထယ်ရဲ့အစ်ကို ဆန်းထယ်က အော်တစ်ဇင်ရောဂါသည်ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇိုင်နာ ဆန်ဂယောင်းက အဲဒီရောဂါခံစားနေရတဲ့လူတွေရဲ့အပြုအမူကို သေသေချာချာ လေ့လာခဲ့ပါတယ်။ “ကျွန်မ အော်တစ်ဇင်ရောဂါကို ခံစားနေရတဲ့ တချို့အနုပညာရှင်တွေကို လေ့လာခဲ့တယ်။ သူတို့တွေက အပြုအမူတစ်ခုတည်းကို ထပ်ခါတလဲလဲလုပ်တတ်သလို တူညီတဲ့လှုပ်ရှားမှုလည်းလုပ်တတ်ကြပါတယ်။ ဒါကြောင့် အော်တစ်ဇင်ရောဂါသည် ဇာတ်ကောင်ကို ပေါ်လွင်စေဖို့အတွက် ထပ်ခါတလဲလဲဖြစ်နေတဲ့ အဆင်းကြားအင်္ကျီတွေကို ဆင်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဒီဇိုင်နာဆန်ဂယောင်းက ပြောပါတယ်။


ဂိုမွန်ယောင်း (ဆိုရီဂျီ) – ခက်ထန်မှု


ဂိုမွန်ယောင်းရဲ့ဝတ်စုံတွေက သူ့အားနည်းချက်ကို ဖုံးကွယ်ဖို့အတွက် ခက်ထန်ပြီး ရန်လိုတတ်တဲ့ပင်ကိုယ်စရိုက်ရှိတယ်ဆိုတာကို ကိုယ်စားပြုထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းအနိမ့်အမြင့်အတိုင်း မွန်ယောင်းနဲ့ဂန်ထယ်တို့ ပိုပြီးရင်းနှီးသွားတဲ့အခါ သူတို့ရဲ့အဝတ်အစားတွေက ပင်ကိုယ်စရိုက်ပြောင်းလဲသွားတာကို ကိုယ်စားပြုမှာဖြစ်တယ်လို့ ဆန်ဂယောင်းက ပြောပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ မွန်ဂိုယောင်းရဲ့အသွင်အပြင် ပြောင်းလဲတာကို မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။


နမ်ဂျူရီ (ပတ်ဂူယောင်) – နွေးထွေးမှု


ဇာတ်ကောင်နမ်ဂျူရီအတွက်ကတော့ အရောင်အသွေးစုံလင်တဲ့ဝတ်စုံတွေက သူ့ရဲ့ဖော်ရွေပြီးအေးတဲ့ပင်ကိုယ်စရိုက်ကို ကိုယ်စားပြုနေတာပါ။ “နမ်ဂျူရီရဲ့ဝတ်စုံတွေက အေးချမ်းပြီး နွေးထွေးတဲ့ပုံစံကို ဖန်တီးပေးတဲ့ အရောင်တွေနဲ့ ပါ။ ဒါက သူ့ရဲ့နုံအပြီးနူးညံ့တဲ့ပင်ကိုယ်စရိုက်ကို ကိုယ်စားပြုဖို့အတွက်ပါ”လို့ ဆန်ဂယောင်းက ပြောပါတယ်။


It’s Okay to Not Be Okay က မွန်ဂန်ထယ်နဲ့ ဂိုမွန်ယောင်းတို့ အချင်းချင်းရဲ့စိတ်ပိုင်းဆိုင်ရာအနာတရတွေကို ကုသပေးရင်းနဲ့ သူတို့နှစ်ယောက်ကြားမှာ ဖြစ်ပေါ်လာမယ့်တမူးထူးခြားတဲ့အချစ်ဇာတ်လမ်းအကြောင်းဖြစ်ပါတယ်။ အခုဆိုရင် ဒီဇာတ်လမ်းတွဲကို စနေနဲ့ တနင်္ဂနွေနေ့တိုင်း Netflix ကနေ ထုတ်လွှင့်ပြသပေးနေတာ (၁၀) ပိုင်း ရှိနေပါပြီ။

Ref: FYI, Their Clothes in “It’s Okay to Not Be Okay” Actually Have a Symbolic Meaning

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top