လက်မြှောက်အရှုံးပေးခြင်းကိုမုန်းတီးသူ (သို့မဟုတ်) အန်တိုနီယာ

62613703_314781319475599_5372245097855320064_n.jpg

လောကရဲ့အစဉ်အလာအရ ဖြတ်သန်းရသောဘဝများသည် နိမ့်ခြင်းမြင့်ခြင်းများဖြင့် စီကာပတ်ကုံးထားသည်။ နေ့စဉ်အသက်ရှင်ခြင်းများအတွက် ရုန်းကန်လှုပ်ရှားရမှုနှင့်အတူ အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေကိုလည်း မဖြစ်မနေကြုံတွေ့စမြဲပင်ဖြစ်သည်။ အောင်မြင်မှုရလျှင်ပျော်ရွှင်ကြပြီး ကျရှုံးမှုနှင့်ကြုံရလျှင်တော့ စိတ်ဓာတ်ကျတတ်ကြသည်။ လူတချို့သည် ကျရှုံးရာမှပြန်မထဘဲ အရှုံးပေးတတ်ကြသော်လည်း လူတချို့ကတော့ ကျရှုံးခြင်းများဆီမှသင်ခန်းစာယူကာ အောင်မြင်ရန်ပို၍ကြိုးစားကြသည်။ ယင်းအထဲတွင် ကယန်းတိုင်းရင်းသူတစ်ဦးဖြစ်သူ ကိုယ်ခံပညာရှင် အန်တိုနီယာသည်လည်း အပါအဝင်ဖြစ်သည်။

တိုင်းရင်းသူပီပီ ပွင့်လင်းသောပြောစကား၊ ခင်မင်ဖွယ်အပြုံးတို့နှင့်အတူ ၎င်းတွင် မာကျောသောဆုံးဖြတ်ချက်သည်လည်း ကိန်းအောင်းလျက်ရှိသူဖြစ်သည်။ ရန်ကုန်မြို့နှင့်ဝေးကွာလှသော ကယားပြည်နယ်မှ လာရောက်ခဲ့သူဖြစ်လင့်ကစား ကြောက်ရွံ့ခြင်းမရှိဘဲ ကိုယ့်ထူးကိုယ်ချွန်ကာ ကိုယ်ခံပညာရှင်တစ်ဦးဖြစ်ရန် ကြိုးစားခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်သော အားကစားသမားတစ်ဦးအဖြစ် လက်ရှိအချိန်တွင် သက်သေပြနိုင်ခဲ့သောသူဖြစ်သည်။

အန်တိုနီယာသည် ၎င်း၏ ONE Championship ပွဲဦးထွက်ပြိုင်ပွဲတွင် ဒေသတွင်းပြိုင်ဘက် ရွှေစင်ကို အနိုင်ရခဲ့သော်လည်း ဒုတိယမြောက်ပွဲစဉ်တွင် ပြည်ပပြိုင်ဘက် Rika Ishige ကို အလဲထိုးခြင်းကိုခံလိုက်ရသည်။ မထင်မှတ်ထားသည့် အရှုံးကိုရင်ဆိုင်ခဲ့ရခြင်းသည် အန်တိုနီယာအတွက် အကောင်းဆုံးအခြေအနေမဖြစ်ခဲ့ဘဲ စိတ်ထိခိုက်စရာရလဒ်အနေဖြင့်ရှိခဲ့ပြီး အားလုံးကလည်း ကိုယ်ခံပညာလောကတွင် အန်တိုနီယာကို လက်မြှောက်အရှုံးပေးတော့မည်ဟု တွေးထင်ခဲ့ကြသည်။

” Rika ကိုရှုံးခဲ့ရတဲ့အချိန်က ကျွန်မရဲ့လိုအပ်ချက်တွေကို ပြန်မြင်နိုင်ခဲ့တဲ့အချိန်ပါပဲ။ Rika နဲ့ယှဉ်ပြိုင်ရတဲ့ အချိန်မှာ ကိုယ့်အတွက်က အားလုံးအသစ်လိုဖြစ်သွားခဲ့ရတယ်။ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုလည်းသိခဲ့တယ်။ လေ့ကျင့်ရေးမလုပ်ချင်ရင်တောင် ငါရှုံးလို့မရဘူးဆိုတဲ့စိတ်ကိုမွေးပြီး ဆက်လေ့ကျင့်ခဲ့တယ်”လို့ အန်တိုနီယာက အဆိုပါ အချိန်ကာလအတွင်း ၎င်း၏ စိတ်ပိုင်းဆိုင်ရာအတွက် ကုစားမှု လေ့ကျင့်မှုများအကြောင်းကို ပြောပြခဲ့သည်။

ONE Championship ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ၏ အမျိုးသမီးအက်တမ်ဝိတ်တန်းသည် လက်ရှိတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ကစားသမားဦးရေမှာ လွန်စွာများပြားလျက်ရှိပြီး ဒုတိယမြောက်ပြိုင်ပွဲတွင် နိမ့်သွားခဲ့ရသည့် အန်တိုနီယာအတွက်လည်း ၎င်း၏အိပ်မက်များမှာ အသက်မဲ့သလိုဖြစ်လုလုဖြစ်ခဲ့ရသော အခြေအနေဖြစ်သည်။

”ဘန်ကောက်မှာယှဉ်ပြိုင်ခဲ့ရတုန်းက ကျွန်မရဲ့အတွေ့အကြုံအားနည်းမှုနဲ့ လိုအပ်ချက်တွေရှိလို့ ရှုံးသွားခဲ့ရတာပါ။ ဒီလိုအမှားမျိုးထပ်မဖြစ်အောင် ပြင်းပြင်းထန်ထန်ပြင်ဆင်ထားပါတယ်။ ထပ်ရှုံးမှာကိုမလိုချင်တော့ပါဘူး။ ကျွန်မက နိုင်ဖို့အတွက်ပြိုင်မှာပါ”ဟု အန်တိုနီယာက ဆက်လက်ပြောကြားခဲ့သည်။

အန်တိုနီယာသည် ဒုတိယမြောက်ပြိုင်ပွဲမှ ရှုံးပွဲကိုသင်ခန်းစာယူနိုင်ခဲ့ပြီး အပြင်းအထန်ကြိုးစားခဲ့ကြောင်းကို တတိယမြောက်ပွဲတွင် မလေးရှားနိုင်ငံသူ Audreylaura Boniface အနိုင်ယူကာ သက်သေပြနိုင်ခဲ့သည်။ ၎င်းသည် ပြိုင်ဘက်ကို ပထမအချီမှာပင် Jab လက်သီးများ ထိုးနှက်ကာဖိအားနိုင်ခဲ့ပြီး Boniface ၏ တုန့်ပြန်မှုများ ရပ်ဆိုင်းသွားရသည်အထိ ပြင်းထန်သောတိုက်ခိုက်မှုနှင့် ကျွမ်းကျင်မှုကိုပြသနိုင်ခဲ့သည်။

”လက်မြှောက်အရှုံးပေးခြင်းဆိုတာက ကျွန်မအတွက်မဟုတ်ဘူး။ ကျွန်မအတွက်ကအောင်မြင်မှုပဲ”ဟု အန်တိုနီယာဆိုသည်။

”ဘာလိုလိုနဲ့ ရက်တွေက တိုတို့အတွက် သိပ်မကျန်တော့ဘူး။ တိုတို အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။ နောက်ပွဲအတွက် တိုတို အရမ်းကြိုစားနေပါတယ်နော် ”ဟု အန်တိုနီယာကဆိုသည်။

အန်တိုနီယာသည် မြန်မာနိုင်ငံမှပေါ်ထွက်လာပြီး နိုင်ငံတကာကိုယ်ခံပညာသိုင်းပေါင်းစုံစင်မြင့်ထက်တွင် အစွမ်းပြနေသည့် မြန်မာတို့၏ ပထမဦးဆုံးသော အမျိုးသမီးကိုယ်ခံပညာရှင်ဖြစ်သည်။ ထို့အပြင် မလျှော့သောဇွဲ မာကျောသော စိတ်ဓာတ်နှင့် ကျောက်သားကျောက်စိုင်လိုခိုင်မာသည့် ၎င်း၏ အရည်အချင်းများကိုလည်းအတုယူသင့်သောသူဖြစ်သည်။

”ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားမှာ ကျွန်မအနေနဲ့ နောက်ပွဲတွေအားလုံးကို အမြဲအနိုင်ရတဲ့ စံချိန်ကိုပဲလိုချင်တာပါ။ ဒီရလဒ်ဟာ ကျွန်မရဲ့နိုင်ငံအတွက်ရည်ရွယ်ပါတယ်” ဟု အန်တိုနီယာက ဆက်လက်ပြောကြားခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top