အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို လက်ရာမြောက်တဲ့ ပန်းပုရုပ်တွေအဖြစ် ထွင်းထုတဲ့ ဂျပန်လူမျိုးစားဖိုမှူး

17-3-2020-yyl-020.jpg

နေ့ဘက်မှာ စားဖိုမှူးလုပ်ပြီး ညဘက်မှာ အစားအစာတွေကို အနုပညာလက်ရာမြောက်အောင် ပုံဖော်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေကို စုစည်းပြတဲ့ တာကီဟီရို ကီရှီမိုတိုအကြောင်း စာဖတ်ပရိသတ်တွေကို တင်ဆက်ပေးချင်ပါတယ်။ သူ့ရဲ့ဖန်တီးမှုတွေက ဆွဲဆောင်မှုရှိလှပါတယ်။

တာကီဟီရိုဟာ အစားအစာတွေကို အလှဆင်ပုံဖော်တဲ့ ဂျပန်ပညာရပ်ဖြစ်တဲ့ မူကီမိုနိုကို လေ့ကျင့်လာခဲ့တာ ကြာလှပါပြီ။ ဒါပေမဲ့ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပုံဖော်တဲ့ ထိုင်းပညာရပ်ကို ရှာတွေ့ခဲ့တာကတော့ မကြာသေးပါဘူး။ သူဟာ သူ့ဝါသနာကို နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့ပါတယ်။ “ကျွန်တော်က အလုပ်မှာ ဟင်းသီးဟင်းရွက်တွေကို လှပအောင် တန်ဆာဆင်ဖန်တီးပြီး ထိုင်းဖန်တီးမှုကိုတော့ သူ့ဘာသာ လေ့လာခဲ့ပါတယ်။ ကျွန်တော်ကို သဘာဝတရားကြီးက ဆွဲဆောင်ထားပါတယ်” လို့ တာကီဟီရိုက ပြောပါတယ်။

သစ်သီးတွေကို ပုံဖော်တဲ့ ထိုင်းပညာက ဆယ်စုနှစ်များစွာကတည်းက ရှိခဲ့တဲ့ ရိုးရာအနုပညာဖန်တီးမှုပါပဲ။ တော်ဝင်မျိုးနွယ်က ဆင်းသက်လာခဲ့တာပါ။ ထိုင်းနိုင်ငံအနှံ့အပြားမှာ ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်နေတုန်းဖြစ်ပြီး စားသောက်ဆိုင်နဲ့ ပွဲလမ်းသဘင်တွေမှာ မကြာခဏ ခင်းကျင်းပြသခဲ့ပါတယ်။ “ထိုင်းပန်းပုလက်ရာက ချွန်ထက်ပါးလွှာတဲ့ဓားကို အသုံးပြုပြီး ဖန်တီးရပေမဲ့ မူကီမိုနိုက မီးဖိုချောင်သုံးဓားနဲ့ ပြုလုပ်ရပါတယ်။ ကျွန်တော်ကတော့ ထိုင်းပန်းပုလက်ရာထွင်းတဲ့ဓားကို အဓိကသုံးပါတယ်” လို့ တာကီဟီရိုက ရှင်းပြပါတယ်။

တာကီဟီရိုဟာ ၂၀၁၆ခုနှစ်က Gaku Carvings ( http://tiny.cc/m0eflz ) ဆိုတဲ့ အင်စတာဂရမ်အကောင့်ကို ဖွင့်ခဲ့ပြီး သူ့ရဲ့လက်ရာတွေကို တင်ခဲ့ပါတယ်။ သူက အဲဒီကတည်းက follower (၂၈၀,၀၀၀) ကျော်ရှိခဲ့ပြီး မီဒီယာတော်တော်များများမှာလည်း ပါဝင်ခဲ့သလို ဒစ်ဂျစ်တယ်ဗိသုကာနဲ့ အနုပညာမဂ္ဂဇင်း Designboom မှာလည်း ပါဝင်ထားပါတယ်။

သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေက ပုံစံမတူတဲ့အတွက် အနုပညာဖန်တီးမှုကို နားလည်ဖို့၊ ကျော်လွှားဖို့အတွက် တာကီဟီရိုက ငါးနှစ် အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ ” ပန်းပုလက်ရာမထွင်းခင်မှာ ဘယ်လိုပုံစံဖန်တီးရမလဲ၊ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကို သိရဖို့အတွက် ဟင်းသီးဟင်းရွက်ဆိုင်ကို မကြာခဏသွားရပါတယ်” လို့ တာကီဟီရိုက ပြောပါတယ်။ မကြာသေးခင်ကလည်း ရွှေဖရုံသီးကို ဆွဲကြိုးအဖြစ် ဖန်တီးခဲ့တဲ့ဗီဒီယို

http://tiny.cc/myeflz ကို အင်စတာဂရမ်မှာ တင်ခဲ့ပါသေးတယ်။ သူက ပန်းပွင့်စိမ်းမှာ ပန်းပွင့်ပုံထွင်းထားတာလည်းရှိပါတယ်။

တာကီဟီရိုက သူ တတ်မြောက်ထားတဲ့ပညာတွေကို မကျေနပ်နိုင်သေးဘဲ အစားအစာတွေမှာ တရုတ်စတိုင်ပန်းပုထွင်းထုတဲ့ပညာကိုလည်း လေ့ကျင့်နေပါတယ်။ “ကျွန်တော် အစားအစာတွေပေါ်မှာ ပန်းပုထွင်းထုတာနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ခံစားချက်က ပထမဆုံးရှာတွေ့ခဲ့တုန်းကနဲ့ အတူတူပါပဲ။ ကျွန်တော် လူတွေကို စိတ်ဝင်စားလာစေချင်တယ်။ အံ့အားသင့်စေချင်တယ်”လို့ တာကီဟီရိုက ပြောပါတယ်။

Ref: CNN “Japanese chef carves food into incredible pieces of art”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top