ရေကြောင်းတပ်ဖွဲ့သင်တန်းကျောင်းကနေ အတူတူဘွဲ့ရယူနိုင်ခဲ့တဲ့ မိသားစု (၂) စုက ညီအစ်မတွေ

24-11-2020-yyl-018.jpg

သင်တန်းကျောင်းတစ်ခုတည်းကနေ ညီအစ်မတွေ ဘွဲ့အတူတူရယူနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ မိသားစု (၂) စုက ဒီညီအစ်မ (၅) ဦးကတော့ ရေကြောင်းတပ်ဖွဲ့သင်တန်းကျောင်းကနေ အတူတူဘွဲ့ရခဲ့လို့ ရှေ့ဆက်လျှောက်လှမ်းရတော့မှာဖြစ်ပါတယ်။ ကောင်မလေး (၅) ဦးထဲမှာ အက်ရှလေ ဗလက်တိုင်း နဲ့ အမ်ဘာ ဗလက်တိုင်းတို့ ၂ ဦးက ညီအစ်မအရင်းတွေဖြစ်ပြီး နောက်ထပ် (၃) ဦးဖြစ်တဲ့ မာရီယာ၊ ဗန်နက်ဆာနဲ့ မယ်လစ်ဆာ ပလာဆီဒို ဂျာရာမီလိုတို့ကလည်း ညီအစ်မအရင်းတွေပါ။ အက်ရှလေတို့ညီအစ်မနဲ့ မာရီယာတို့ညီအစ်မတွေက ဘာမှမတော်စပ်ပေမဲ့ သင်တန်းကျောင်းအတူတူတက်ပြီး ဘွဲ့ရခဲ့တာကြောင့် အကုန်လုံးဟာ ညီအစ်မအရင်းအခြားတွေလို ဖြစ်နေပါပြီ။

အက်ရှလေတို့ညီအစ်မက မာရီယာတို့ညီအစ်မတစ်တွေနဲ့အတူ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ က Marine Corps Recruit Depot (MCRD) Parris Island ကနေ ဘွဲ့ရရှိခဲ့ကြပါတယ်။ ဒီကောင်မလေး (၅) ဦးအတူတူဘွဲ့ရရှိခဲ့ကြတာကို MCRD Parris Island က ဖေ့စ်ဘွတ်ခ်ပို့စ်နဲ့ တင်ပေးခဲ့တာပါ။

အမြွှာတွေဖြစ်တဲ့ ဗန်နက်ဆာ နဲ့ မယ်လစ်ဆာ ပလာဆီဒို ဂျာရာမီလိုတို့က သူတို့ညီမလေး မာရီရာနဲ့အတူ ရေတပ်ထဲ အတူတူဝင်ဖို့ ကတိကဝတ်ပြုခဲ့ကြတာဖြစ်ပါတယ်။ “ကျွန်မတို့အားလုံး တစ်ချိန်တည်း ရေတပ်ထဲဝင်မယ်လို့ ကတိကဝတ်ပြုခဲ့တာပါ” လို့ ဗန်နက်ဆာ ဂျာရာမီလိုက ပြောပါတယ်။ သူတို့ညီအစ်မ (၃) ဦးက ပနားမားမှာ မွေးဖွားခဲ့ကြပြီး လပ်ဗီးဂပ်စ်မြို့မှာ ကြီးပြင်းခဲ့ကြတာပါ။ မကြာခင်မှာ သူတို့ညီအစ်မတွေက အမေရိကန်နိုင်ငံသားအဖြစ် ခံယူကြတော့မှာဖြစ်ပါတယ်။ “ကျွန်မတို့တွေက မိသားစုထဲမှာ အမေရိကန်ရေတပ်ကို ဝင်ရောက်ခွင့်ရတဲ့ ပထမဆုံးအမျိုးသမီးတွေ၊ ပထမဆုံးမျိုးဆက်တွေဖြစ်တဲ့အတွက် ကျွန်မရဲ့မိဘတွေ ဂုဏ်ယူနေပါတယ်” လို့ မာရီယာ ဂျာရာမီလိုက ပြောပါတယ်။

အက်ရှလေနဲ့ အမ်ဘာ ဗလက်တိုင်းတို့ညီအစ်မကလည်း ရေတပ်မျိုးရိုးကို ဆက်ခံနိုင်တဲ့အတွက် ဂုဏ်ယူနေပါတယ်။ သူတို့မိသားစုထဲမှာ ရေတပ်နဲ့လေတပ်အဖွဲ့ဝင်တွေရှိပါတယ်။ အက်ရှလေ ရေတပ်ထဲဝင်ဖြစ်ခဲ့တာက သူ့အဘိုးမဆုံးခင် ရေတပ်သားတစ်ယောက်ဖြစ်ရမယ်လို့ ကတိပေးခဲ့တာကြောင့်ပါ။ “ကျွန်မရဲ့အဘိုးအဆုံးခင် (၃) ရက်မှာ ရေတပ်သားတစ်ယောက်ဖြစ်အောင်လုပ်မယ်လို့ သူ့ကို ကတိပေးခဲ့ပါတယ်။ အဘိုးဆုံးသွားတော့ သူ ဂုဏ်ယူရဖို့အတွက် ဘဝစစ်ဆေးရေးကို လုပ်ဆောင်ခဲ့တယ်” လို့ အက်ရှလေ ဗလက်တိုင်းက ဆိုပါတယ်။

ရေတပ်ထဲဝင်တာက သူ့ညီမလေးနဲ့ ဆက်ဆံရေးကို ခိုင်မြဲသွားစေခဲ့တယ်လို့ အက်ရှလေက ပြောပါတယ်။ “ညီမလေး လူကြီးဖြစ်လာတာကို ကြည့်ခွင့်ရတဲ့အတွက် သူနဲ့အတူ ရေတပ်ထဲဝင်ရတာ ကြိုက်ပါတယ်။ နောက်ဆုံးနေ့ရက်အထိ အချင်းချင်း အတူတူအမြဲတမ်းရှိနေတော့မှာပါ” လို့ ပြောပါတယ်။ ရေတပ်အဖွဲ့ဝင်တွေဆိုတာ မိသားစုတစ်စုဖြစ်တဲ့အတွက် ပလာဆီဒို ဂျာရာမီလိုတို့ညီအစ်မတွေနဲ့ ဗလက်တိုင်းတို့ညီအစ်မတို့ဟာအခုဆိုရင် မိသားစုဝင်အသစ်တွေဖြစ်လာပါပြီ။

Ref: ABCNews “5 sisters from 2 families graduate Marine Corps training together”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top