မထင်မှတ်ဘဲ တွေ့ဆုံခဲ့တဲ့ ဆရာဟောင်းကို ပွေ့ဖက်နှုတ်ဆက်ခဲ့တဲ့ ဝေလမင်းသမီးကိတ်

10.2.2023-yyl-image-1.jpg

ဝေလမင်းသမီးကိတ်ဟာ မင်းသားဝီလျံနဲ့အတူ ကြာသပတေးနေ့က အင်္ဂလန်နိုင်ငံ၊ ကွန်ဝေါ်လ်ကောင်တီကို အလည်အပတ်လာရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒုတိယမြောက်အဲလိဇဘတ်ဘုရင်မကြီး ကွယ်လွန်ခဲ့ပြီး သူတို့ ကွန်ဝေါ်လ်မြို့စားနဲ့မြို့စားကတော်ဖြစ်လာခဲ့ပြီးကတည်းကဆိုရင် အခုအလည်အပတ်လာရောက်မှုက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ကွန်ဝေါ်လ်အမျိုးသားရေကြောင်းပြတိုက်အပြင်ဘက်မှာ သူတို့တွေ လူအုပ်ကြီးကို နှုတ်ဆက်နေစဉ် ကိတ်က သူ့ရဲ့ဆရာဟောင်းနဲ့ မထင်မှတ်ဘဲ တွေ့ဆုံမိခဲ့ပါတယ်။ ကိတ်က သူ့ဆရာဖြစ်ခဲ့ဖူးတဲ့ ဂျင်မ် အမ်ဘာရီကို တွေ့လိုက်တဲ့အချိန်မှာ ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။

ကိတ်က ဆရာဂျင်မ်ကို ချက်ချင်းမှတ်မိပုံရပြီး အခု ကွန်ဝေါ်လ်မှာ နေတုန်းလားလို့ မေးခဲ့တဲ့အပြင် “ဆရာ ကျွန်မကို သင်ကြားပေးခဲ့တဲ့ အရာတွေကို အခု ကျွန်မရဲ့ကလေးတွေကို သင်ပေးနေပါတယ်”လို့လည်း ပြောကြားခဲ့ပါတယ်။ ကိတ်က ကွန်ဝေါ်လ်နဲ့ မိုင် ၂၀၀ ကျော်ကွာဝေးတဲ့ အင်္ဂလန်နိုင်ငံ၊ ဘာကယ်ဘာရီရွာလေးမှာ ငယ်ဘဝကို ဖြတ်သန်းခဲ့တာပါ။

ဆရာဂျင်မ် အမ်ဘာရီကလည်း ကိတ်ကို “အံ့ဩဖွယ်ကောင်းတဲ့ကျောင်းသူ”အဖြစ် ပြောဆိုခဲ့သလို သူ့ရဲ့အတန်းကို သင်ကြားခဲ့တုန်းက “အလွန်ကောင်းတဲ့အတန်းဖြစ်တယ်”လို့လည်း ဆိုပါတယ်။ ဆရာဂျင်မ်က ပုဂ္ဂလိကကျောင်းမှာ ကိတ်နဲ့ သူ့ရဲ့အတန်းဖော်တွေကို သမိုင်းသင်ကြားပေးခဲ့တာပါ။ အခုတော့ ပြတိုက်မှာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေပါတယ်။

ကိတ်က အရင်တုန်းကလည်း ဆရာဂျင်မ် အမ်ဘာရီအပြင် အခြားဆရာဟောင်းတွေနဲ့လည်း မထင်မှတ်ဘဲ တွေ့ဆုံခဲ့ဖူးပါတယ်။ ၂၀၂၀ ခုနှစ်က ကိတ်ဟာ ဝေလကို အလည်အပတ်လာရောက်ရင်း ရေခဲမုန့်ဆိုင်အပြင်ဘက်မှာ သူ့ဆရာဟောင်းနှစ်ဦးနဲ့ ပြန်လည်ဆုံတွေ့ခဲ့ရပါတယ်။

Ref: ABCNews “Princess Kate bumps into former teacher at royal engagement”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top