၅ နှစ်လုံးလုံး သူစိမ်းအိမ်တွေမှာ လိုက်အိပ်ခဲ့တဲ့ ဂျပန်အမျိုးသား

3.12.2024-yyl-19.jpg

မြို့ကြီးတွေမှာ ကျောတစ်ခင်း နေရာအတွက် စရိတ်စက ကြီးမြင့်နေပေမဲ့ ဂျပန်အမျိုးသားတစ်ဦးကတော့ လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံး ငွေကြေးတပြားတချပ်မှမကုန်ပဲ သူစိမ်းအိမ်တွေမှာ အိပ်စက်ခွင့် ရခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဂျပန်အမျိုးသား ရှူရက်ဖ်အီရှီဒါဟာ အလုပ်က ထွက်ပြီးနောက် ပိုင်ဆိုင်မှုအားလုံးနီးပါး ရောင်းချခဲ့ပြီး မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတချို့ကို ကျောပိုးအိတ်ထဲထည့်ကာ ဂျပန်နိုင်ငံတစ်ဝန်း လှည့်လည်သွားလာခဲ့တာပါ။ သူဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း သူစိမ်းနေအိမ် ၅၀၀ ကျော်မှာ အိပ်စက်ခဲ့ပါတယ်။

အီရှီဒါဟာ နေ့ဘက်အချိန်တွေဆိုရင် ”ကျွန်တော့်ကို တစ်ညတာ အိပ်စက်ခွင့်ပေးပါ”ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ဘူတာရုံ (သို့မဟုတ်) အခြားလူစည်ကားရာနေရာတွေမှာ မတ်တပ်ရပ်နေလေ့ရှိပါတယ်။ တစ်ကိုယ်တည်း အထီးကျန်နေသူတွေ၊ စကားပြောဖော်လိုနေသူတွေက အီရှီဒါကို သူတို့အိမ်မှာ အိပ်စက်ခွင့်ပေးကြလေ့ရှိပါတယ်။ တချို့တွေဆိုရင် အီရှီဒါကို သူတို့အိမ်မှာ မကြာခဏ အိပ်စက်ခွင့်ပေးလေ့ရှိပြီး သူငယ်ချင်းတောင် ဖြစ်နေကြပါပြီ။

သူ့ဘဝမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ သူလိုက်တဲ့အိမ်မှ အိမ်ရှင်တွေရဲ့ဘဝဇာတ်ကြောင်းတွေကို နားထောင်ရတာဟာ ညစဉ်ညတိုင်း စာအုပ်အမျိုးမျိုး ဖတ်နေရသလိုဖြစ်ပြီး ဘယ်တော့မှ မပျင်းရဘူးလို့ အီရှီဒါက ဆိုပါတယ်။

သူဟာ အရင်တုန်းက ရှက်ရွံ့တတ်ပြီး တစ်ကိုယ်တည်းနေတတ်သူ ဖြစ်ပေမဲ့ ထိုင်ဝမ်ကိုသွားပြီး တက္ကသိုလ်ကျောင်းချိန်မှာ လူအမျိုးမျိုးနဲ့ ဆုံခဲ့ပြီး သူ့ဘ၀ နေထိုင်မှုပုံစံလည်း ပြောင်းလဲသွားခဲ့တာပါ။ ဘွဲ့ရပြီးနောက်မှာတော့ ခရီးသွားရတာကို စွဲလမ်းသွားတဲ့ အီရှီဒါက တစ်နေ့ကျရင် ကမ္ဘာပတ်ခရီးသွားမယ်ဆိုတဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကော်ပိုရေးရှင်းတစ်ခုမှာ အလုပ်လုပ်ပြီး ငွေစုဆောင်းခဲ့တာပါ။

အသက် ၂၈ နှစ်မှာတော့ အလုပ်ကထွက်ပြီး ခရီးတွေ လှည့်လည်သွားလာခဲ့ပြီး သူ့ရဲ့အခြေအနေအရ ခရီးများများသွားနိုင်ဖို့ တတ်နိုင်သလောက် ချွေတာခဲ့တာပါ။ အီရှီဒါရဲ့အကြောင်းက ဂျပန်လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး အခုဆိုရင် ထင်ပေါ်ကျော်ကြားသူတစ်ယောက် ဖြစ်နေပါပြီ။ တချို့ဆိုရင် အီရှီဒါကို သူတို့အိမ် လာအိပ်ဖို့ ဖိတ်ခေါ်ကြတဲ့အထိပါပဲ။

Ref: Japanese Man Has Been Relying on Strangers to Let Him Sleep Over for the Last Five Years
Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top