ကမ္ဘာ့အသက်ငယ်ဆုံး ကွင်းဆက်လူသတ်သမား

2-8-2022-yyl01.jpg

၁၉၉၈ ခုနှစ်ဖွား ကောင်လေး အက်မာဂျီတ် ဆာဒါကို ကမ္ဘာ့အသက်ငယ်ဆုံးကွင်းဆက်လူသတ်သမားအဖြစ် သိခဲ့ကြတာပါ။ ကမ္ဘာ့အသက်ငယ်ဆုံးကွင်းဆက်လူသတ်သမားဖြစ်ခဲ့တုန်းက အသက် ၈ နှစ်ပါ။ ယနေ့အထိ သူ့ကို ကမ္ဘာ့အသက်အငယ်ဆုံးကွင်းဆက်လူသတ်သမားအဖြစ် ဖော်ပြနေတုန်းပါပဲ။ သူက အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ မူရှဟာရွာလေးကပါ။ ဆာဒါဟာ ၂၀၀၆ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်ကြား မိသားစုဝင်အပါအဝင် (၃) ဦးကို သတ်ခဲ့သူလို့ ယူဆခဲ့ပါတယ်။ သူ့အသက် ၇ နှစ်မှာ ပထမဆုံးတစ်ယောက်ကို သတ်ခဲ့တာပါ။

ဆာဒါရဲ့နောက်ကြောင်းနဲ့ပတ်သက်ပြီး သူက ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားခဲ့ပြီး ဖခင်ကအလုပ်ကြမ်းသမားတစ်ယောက်ဖြစ်တယ်ဆိုတာပဲ သိရပါတယ်။ ၂၀၀၆ ခုနှစ်မှာ သူ့ဦးလေးရဲ့သမီးဖြစ်သူ အသက် (၆) နှစ်အရွယ် ဝမ်းကွဲညီမကို သတ်ခဲ့တဲ့အပြင် (၈) လအရွယ် ညီမအရင်းဖြစ်သူကိုလည်း သတ်ခဲ့တာပါ။ နောက်ဆုံးအသတ်ခံရတဲ့တစ်ယောက်ကတော့ တစ်ရပ်ကွက်တည်းနေ ကူရှ်ဘို လို့ခေါ်တဲ့ (၆) လအရွယ် ကလေးမလေးပါ။

ကူရှ်ဘိုရဲ့အမေက သူ့ကို အလုပ်လုပ်တဲ့ မူလတန်းကျောင်းဆီ ခေါ်သွားခဲ့တာပါ။ လုပ်စရာရှိလို့ အပြင်ခဏထွက်သွားတဲ့အချိန် ကူရှ်ဘိုက အိပ်ပျော်နေရင်းကျန်ခဲ့ပါတယ်။ ပြန်ရောက်လာတဲ့အချိန်မှာ ကလေးက ပျောက်နေပါတယ်။ မကြာခင်မှာပဲ ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ နာရီအနည်းငယ်အကြာမှာ ဆာဒါက ကူရှ်ဘိုကို ခေါ်သွားခဲ့ပြီး အုတ်ခဲနဲ့ ထုကာ လည်ပင်းညှစ်သတ်ခဲ့တယ်လို့ ရဲတွေကို ဝန်ခံခဲ့ပါတယ်။ အဲဒီနောက် ကူရှ်ဘိုကို မြေမြုပ်ခဲ့တဲ့ အနီးနားက လယ်ကွင်းဆီ ရွာသူရွာသားတွေကို ခေါ်သွားပြခဲ့ပါတယ်။

ဆာဒါရဲ့မိသားစုက ပထမရာဇဝတ်မှု (၂) ခုကို သတိပြုမိခဲ့ပေမဲ့ ဆာဒါကို ကာကွယ်ဖို့အတွက် မိသားစုအတွင်းရေးအဖြစ် လျှို့ဝှက်ထားခဲ့တယ်လို့ သူ့ဦးလေးဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။ ကူရှ်ဘိုကို သတ်ပြီးတဲ့နောက်မှာတော့ ဆာဒါရဲ့ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို ဖုံးကွယ်ထားလို့မရတော့တဲ့အပြင် သူ့ကို နောက်ဆက်တွဲအကျိုးဆက်တွေကနေ ကာကွယ်ပေးလို့လည်း မရတော့ပါဘူး။

ရဲတွေက ဆာဒါကို ရဲစခန်းကို ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ သူ့ညီမအရင်းနဲ့ သူ့ဝမ်းကွဲညီမကို သတ်ခဲ့တယ်ဆိုတာကို ဝန်ခံပြီးတဲ့နောက်မှာလည်း အရမ်းပြုံးခဲ့ပြီး နောင်တရတဲ့ပုံမပေါ်ခဲ့ဘူး။ ဒီအမှုကို စစ်ဆေးတဲ့ အရာရှိတစ်ဦးက သေသွားခဲ့တဲ့သူ (၃) ဦးလုံး အသတ်ခံရတဲ့ပုံဟာ အတူတူပဲလို့ ဆိုပါတယ်။ စိတ်ပညာရှင်တစ်ဦးက သူ့ကို “ရက်စက်ခြင်းမှာ သာယာသူ”အဖြစ် သတ်မှတ်ခဲ့ပါတယ်။ နောက်တစ်ယောက်ကလည်း ဆာဒါမှာ အမှားအမှန်ကို ခွဲခြားတတ်တဲ့ ဆင်ခြင်တုံတရားမရှိဘူးလို့ ပြောပါတယ်။

အိန္ဒိယဥပဒေအရ ကလေးတစ်ဦးကို ထောင်ဒဏ် (ဒါမှမဟုတ်) သေဒဏ်ချမှတ်တာတွေလုပ်လို့မရတာကြောင့် ဆာဒါကို အသက် (၁၈) နှစ်အထိ ကလေးဂေဟာတစ်ခုမှာ ထိန်းသိမ်းထားခဲ့တယ်လို့ ယူဆရပါတယ်။ အဲဒီမှာ သူ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ခံယူခဲ့ရပြီး အချိန်အကြာကြီး တစ်ယောက်တည်း ချုပ်နှောင်ထားခံခဲ့ရပုံရပါတယ်။

ဆာဒါက ၂၀၁၆ ခုနှစ်မှာ လွတ်မြောက်ခဲ့ပေမဲ့ သူ ဘယ်မှာရှိနေလဲဆိုတာ မသိရပါဘူး။ အခုဆို သူ့အသက် ၂၂ နှစ်ရှိနေပါပြီ။

Ref: TheMirror “World’s youngest serial killer who murdered three people by the age of eight is at large”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top