ဆယ်စုနှစ်တစ်ခုကြာ အလုပ်မရှိပေမဲ့ ဇနီး ၃ ယောက်နဲ့ တအိမ်တည်းအတူ ချစ်ချစ်ခင်ခင်နေတဲ့ ဂျပန်အမျိုးသား

8.1.24-yyl-၁၂.jpg

၃၅ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ဦးဟာ ဆယ်စုနှစ်တစ်ခုကျော် အလုပ်မရှိပေမဲ့ မိန်းမ ၄ ယောက်ယူပြီး မိန်းမ ၃ ယောက်နဲ့အတူ တအိမ်တည်း နေကြတဲ့ဖြစ်ရပ်က ဂျပန်လူမှုကွန်ရက်မှာ ဟိုးလေးတကျော် ဖြစ်နေပါတယ်။ ဂျပန်ရုပ်သံလိုင်း AbemaTV ရဲ့ Abema Prime က ဒီသတင်းကို ဖော်ပြခဲ့တာပါ။

ဟော့ကိုင်းဒိုးကျွန်း၊ ဆက်ပိုရိုမြို့မှာ နေထိုင်သူ ရူတာဝါတာနာဘီဟာ စားဝတ်နေရေးအတွက် ဇနီးတွေကို မှီခိုနေရပေမဲ့ ဇနီး ၃ ယောက်လုံးနဲ့ တအိမ်တည်းမှာ ချစ်ချစ်ခင်ခင် နေထိုင်နိုင်တာ အံ့အားသင့်စရာပါပဲ။

” ကျွန်တော်က အမျိုးသမီးတွေဆိုရင် ချစ်တယ်ဗျ။ အဲဒီစိတ်ကြောင့်ပဲ ဒီလိုဖြစ်သွားတာပါ။ ခွေးချစ်တဲ့သူတွေဆိုရင်တော့ နားလည်လိမ့်မယ်ဗျ။ တကယ်လို့ ခင်ဗျားက ခွေးလေးတစ်ကောင် မွေးမိပြီဆိုရင် နောက်တစ်ကောင် မွေးချင်လာရော။ ကျွန်တော့်မိန်းမတွေကို တန်းတူညီမျှ ချစ်ပါတယ်”လို့ ဝါတာနာဘီက ဆိုပါတယ်။

ဝါတာနာဘီရဲ့ ပထမဇနီးက အသက် ၂၇ နှစ် ရှိပါပြီ။ ပထမဇနီးနဲ့အတူ အသက် ၂ နှစ်နဲ့ ၁ နှစ်အရွယ် ကလေးနှစ်ယောက် ရှိပါတယ်။ ဒုတိယဇနီးက အသက် ၂၄ နှစ်၊ တတိယဇနီးက ၂၂ နှစ် ရှိပါပြီ။ ဒုတိယဇနီးနဲ့အတူ ၅ လအရွယ် ရင်သွေးတစ်ဦး ရှိပါတယ်။ စတုတ္ထဇနီးနဲ့ ဘာကြောင့် အတူမနေတာလဲဆိုတာကိုတော့ ဝါတာနာဘီက ထုတ်မပြောခဲ့ပါဘူး။

ဝါတာနာဘီမှာ အလုပ်မရှိသလို နောက်ထပ်အိမ်ထောင်ရှိတယ်ဆိုတာ သိသိရက်နဲ့ သူ့ကို ယူခဲ့တာလို့ ဇနီးသည်တွေက ဆိုပါတယ်။ လစဉ်အိမ်အသုံးစရိတ်အတွက် ယန်း ၈၅၀၀၀၀ ကို ဇနီး ၃ ယောက်က ရှာဖွေကြပြီး ဝါတာနာဘီကတော့ အိမ်မှုကိစ္စတွေ လုပ်ရပါတယ်။

ဂျပန်နိုင်ငံမှာ လင်ပြိုင်၊ မယားပြိုင်ယူခြင်းကို တရားဝင်တားမြစ်ထားတာကြောင့် ဝါတာနာဘီရဲ့သတင်းက အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ အဲဒီဥပဒေကို ရှောင်လွှဲနိုင်ဖို့အတွက် ဝါတာနာဘီက ဇနီးတွေနဲ့ တရားဝင် ထိမ်းမြားခဲ့ခြင်းမရှိဘဲ အတူနေချစ်သူတွေအဖြစ်နဲ့သာ နေထိုင်လျက်ရှိပါတယ်။ ဒါပေမဲ့ မိန်းမတစ်ယောက်ချင်းစီနဲ့ တရားဝင်လက်ထပ်ပြီး ပြန်ကွာရှင်းဖို့ ဝါတာနာဘီက စီစဉ်နေပါတယ်။ ဒါမှသာ သူတို့ရဲ့ရင်သွေးတွေက ဝါတာနာဘီရဲ့အမည်ကို ဆက်ခံခွင့်ရမှာပါ။

ဝါတာနာဘီကတော့ သူ့ဇနီး ၄ ယောက်လုံးဟာ မိတ်ဆွေမက၊ မိသားစုမကျတဲ့ ရင်းနှီးနွေးထွေးမှုမျိုး ရှိတာကြောင့် ဇနီးတွေနဲ့အတူနေရတာ သူ့အတွက် ပြဿနာ တစ်စုံတရာမရှိဘူးလို့ ဆိုပါတယ်။

Ref: Japanese Man Has Four Wives, Three Children and No Job

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top