မျက်နှာပါမကျန် ခန္ဓာကိုယ်တစ်ခုလုံး အမွေးအမှင်တွေ ပေါက်နေတဲ့ ရှားပါးရောဂါနဲ့ ဆယ်ကျော်သက်

24-11-2022yyl11.jpg

ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က Hypertrichosis (Werewolf syndrome) ဆိုတဲ့ ရှားပါးရောဂါကို ခံစားနေရပြီး သူ့ဘဝတစ်လျှောက်လုံး ရောဂါရဲ့ဂယက်ရိုက်ခတ်မှုတွေကို တောင့်ခံခဲ့ရတာပါ။ သူကတော့ အိန္ဒိယနိုင်ငံ၊ မဇ္ဈဒေသပြည်နယ်က လာလစ်တ် ပါတီဒါ ဆိုသူပါ။ Hypertrichosis က ခန္ဓာကိုယ်ရှိ နေရာတိုင်းမှာ အမွေးအမှင်ကြီးထွားလာတဲ့ ရှားပါးရောဂါတစ်မျိုးပါ။ အလယ်ခေတ်ကတည်းက လူ အယောက် ၅၀ လောက်သာ ဒီရောဂါရှိခဲ့တာလို့ ယုံကြည်ရပါတယ်။

အသက် ၁၇ နှစ်အရွယ် ပါတီဒါဟာ အသက် ၆ နှစ်အရွယ်မှာ ဒီရောဂါကို ခံစားခဲ့ရတာပါ။ ဒီရောဂါကြောင့် သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အမွေးအမှင်တွေကို ဖုံးနေပါတယ်။ အဲဒါကြောင့်ပဲ သူက ကျောင်းမှာ ခွဲခြားဆက်ဆံတာခံရပြီး အထီးကျန်ခဲ့ရပါတယ်။ သူ့ရဲ့အတန်းဖော်တွေက သူ့ကို “မျောက်ကောင်လေး” ကို ခေါ်ကြပြီး သူတို့ကို ကိုက်မှာဆိုးလို့ သူ့နဲ့ဝေးဝေးမှာ နေချင်ကြပါတယ်။ သူက သာမန်မိသားစုက လာပြီး သူ့အဖေက လယ်သမားတစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ၁၂ တန်းတက်နေတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ သူ့အဖေရဲ့လယ်ယာအလုပ်မှာလည်း သူ့အဖေကို ကူညီပေးရပါတယ်။

သူ့ဘဝတစ်လျှောက်လုံး ဒီမွေးအမှင်တွေရှိလာခဲ့တာပါ။ သူ မွေးတုန်းက ဆရာဝန်က သူ့ကို အမွေးအမှင်တွေ ရိတ်ပေးခဲ့ပေမဲ့ အသက် ၆ နှစ် (သို့) ၇ နှစ်လောက်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံး အမွေးအမှင်တွေ ပေါက်လာတာကို စပြီးသတိထားမိခဲ့တာပါ။ အဲဒီကစပြီး Hypertrichosis လို့ခေါ်တဲ့ ကျန်းမာရေးအခြေအနေရှိတယ်ဆိုတာ သိရှိခဲ့ရတာပါ။ သူ့မိသားစုမှာ ဒီကျန်းမာရေးအခြေအနေရှိခဲ့ဖူးတဲ့ရာဇဝင်လည်းမရှိခဲ့ပါဘူး။ သူတစ်ယောက်တည်းပဲ ဒီရောဂါရှိခဲ့တာပါ။

သူ့မိဘတွေက သူ့ကို အခြားသူတွေ ဆက်ဆံကြတဲ့အပေါ် စိတ်မအေးနိုင်ဖြစ်နေပေမဲ့ ပါတီဒါက သူ့အခြေအနေနဲ့ပတ်သက်ပြီး စိတ်မပူဘူး။ ပါတီဒါရဲ့ရောဂါအခြေအနေအတွက် ကုသဆေးမရှိပါဘူး။ သူ့ရဲ့အမွေးအမှင်တွေကို ရံဖန်ရံခါ ညှပ်ပစ်ပေမဲ့ အသွင်အပြင်ကို ပြောင်းလဲပစ်ဖို့တော့ ဆန္ဒမရှိဘူးလို့ သူကဆိုပါတယ်။ သူက ကိုယ့်ကိုယ်ကို ယုံကြည်ချက်လည်း ရှိတယ်။

“ကျွန်တော် သာမန်လူတွေနဲ့ မတူဘဲ ထူးခြားတယ်။ ကျွန်တော့်ဘဝခရီးတစ်လျှောက်မှာ အများကြီး သင်ယူခဲ့ရတယ်။ အရေးကြီးဆုံးကတော့ ကျွန်တော်က လူ (၁) သန်းမှာ တစ်ယောက်ဖြစ်ပြီး ဘယ်တော့မှ အရှုံးမပေးဘဲ ဘဝကို အပြည့်အဝဖြတ်သန်းပြီး အမြဲတမ်းပျော်ရွှင်သင့်တယ်ဆိုတာ သင်ယူခဲ့ရတာပါပဲ။ ကျွန်တော်က အခြားသူတွေနဲ့မတူဘဲ ကွဲပြားနေပေမဲ့ ကျွန်တော့်ရဲ့ကွဲပြားခြားနားမှုတွေက ကျွန်တော့်ရဲ့အကြီးမားဆုံးခွန်အားဖြစ်ပြီး ကျွန်တော်က ကျွန်တော်ဖြစ်နေတဲ့အတွက် ဂုဏ်ယူမိတယ်”လို့ ပါတီဒါက ဆိုပါတယ်။

Ref: Indiatimes “Teenage Boy Diagnosed With Rare Werewolf Syndrome Has Hair Growing All Over His Body”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top