ဂျပန်အဆိုတော်သရုပ်ဆောင်မင်းသား မီဇူခီ အီတာဂါခီဟာ အသက် ၂၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ သေဆုံးသွားပြီဆိုတာကို သူ့မိသားစုက ဧပြီ ၁၇ ရက်နေ့ကမှ သူ့ရဲ့အင်စတာဂရမ်အကောင့် Story ကနေ အသိပေးခဲ့တာပါ။
သူ့မိသားစုက အခုလို အသိပေးပြောကြားခဲ့တာပါ။ “မင်းသားမီဇူခီ အီတာဂါခီဟာ ကံမကောင်းအကြောင်းမလှစွာနဲ့ ကွယ်လွန်သွားကြောင်း အသိပေးရတဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ သူ့ကို အားပေးပံ့ပိုးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကိုရော သူ့ကို ဂရုစိုက်ပေးခဲ့သူတွေအားလုံကို ပါ ကျေးဇူးတင်ရှိကြောင်း ဖော်ပြပေးချင်ပါတယ်”လို့ ဆိုထားပါတယ်။
မီဇူခီက ပြီးခဲ့တဲ့နှစ်ကတည်းက ခံစားနေခဲ့ရတဲ့ စိတ်ကျရောဂါကြောင့် ဇန်နဝါရီလကုန်ကတည်းက ပျောက်ဆုံးနေခဲ့ပြီး မကြာသေးခင်ကမှ သူ့မိသားစုက ရဲတွေထံကနေ သူ့ရုပ်အလောင်းကို တိုကျိုမြို့မှာ ရှာတွေ့ခဲ့တယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မီဇူခီက လူတိုင်းအတွက် အပြုံးနဲ့ ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းပေးချင်တဲ့ဆန္ဒနဲ့ သူ့ရဲ့ဖျော်ဖြေရေးလုပ်ငန်းကို အမြဲတမ်းဇောက်ချလုပ်ကိုင်နေပေမဲ့ အလုပ်တွေပြန်လုပ်ဖို့ ခြေလှမ်းစတင်နေချိန်မှာပဲ သူ့ဘဝဟာ အခုလိုကြေကွဲစရာကောင်းလောက်အောင် အဆုံးသတ်သွားခဲ့တယ်လို့လည်း သူ့မိသားစုက ဆိုပါတယ်။
သူ့ပရိသတ်တွေကို အသိမပေးဘဲ နှုတ်ဆက်ထွက်သွားရမှာကို သူ မလိုချင်ဘူးထင်တဲ့အတွက် သူ့မိသားစုက အခုလို အသိပေးခဲ့တာဖြစ်ပြီး သူ့ရဲ့အနုပညာကို အမှတ်ရနေဖို့လည်းမျှော်လင့်နေပါတယ်လို့ ဆိုပါတယ်။ မီဇူခီ သေဆုံးရခြင်းအကြောင်းအရင်းကိုတော့ သူ့မိသားစုက ထုတ်ပြောပြခဲ့ခြင်းမရှိပါဘူး။
မီဇူခီကို အသက် ၁၀ နှစ်အရွယ်မှာ Talent Agency Stardust Promotion က ခေါ်ယူပြီး ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ အဆိုအဖွဲ့M!lk မှာ အဖွဲ့ဝင်ဖြစ်ခဲ့တာပါ။ သူဟာ Solomon’s Perjury (2015), Hana Moyu (2015) နဲ့ In-house Marriage Honey (2020) အပါအဝင် ရုပ်ရှင်ကားနဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လမှာ Stardust Promotion ကနေ နှုတ်ထွက်ခဲ့ပြီး သူ့ရဲ့တရားဝင် fanclub ကို ပိတ်သိမ်းခဲ့ပါတယ်။
Ref: Japanese star Mizuki Itagaki found dead at 24, months after going missing
WL (ရိုးရာလေး)

