ရုရှားတပ်တွေ ရှိနေတဲ့ သူ့ရဲ့အိမ်ကြီးကို ဗုံးကြဲပေးဖို့ ယူကရိန်းလေတပ်ကို တောင်းဆိုခဲ့တဲ့ သန်းကြွယ်သူဋ္ဌေး

23-4-2022-yyl05.jpg

ယူကရိန်းလူမျိုးသန်း​ကြွယ်သူဋ္ဌေး၊ TransInvestService ရဲ့ စီအီးအို အန်ဒရေး စတာနစ်ဆာ (Andrey Stavnister) ဟာ သူ့ရဲ့အိမ်ကြီးထဲ ရုရှားတပ်တွေ ဝင်ရောက်နေတာကို မြင်တွေ့ပြီးနောက် သူ့အိမ်ကြီးကို ဗုံးကြဲပေးဖို့ ယူကရိန်းလေတပ်ကို တောင်းဆိုခဲ့ပါတယ်။ အန်ဒရေးရဲ့ပြောစကားအရတော့ မတ်လအစကတည်းက ရုရှားတပ်တွေဟာ သူ့အိမ်ကြီးထဲ ဝင်ရောက်နေခဲ့ပြီး သူ့ရဲ့ လုံခြုံရေးဝန်ထမ်းတွေကို ဓားစာခံအနေနဲ့ ခေါ်ယူထားခဲ့တယ်လို့ သိရပါတယ်။ စစ်သားတွေက သူ့ရဲ့လုံခြုံရေးဝန်ထမ်းတွေကို တောထဲဖြတ်သွားခွင့်မပြုခင် အဝတ်အစားတွေကို ချွတ်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ကြီးရဲ့လုံခြုံရေးကင်မရာတွေကနေ ရုရှားတပ်တွေရဲ့အခြေအနေတွေအားလုံးကို အန်ဒရေးက စောင့်ကြည့်ခဲ့တာကြောင့် နေရာကို ​ဖြိုခွဲပေးဖို့ မက်ဆေ့ချ်တစ်စောင်ပို့တာအကောင်းဆုံးဖြစ်မယ်လို့ သူ တွေးခဲ့ပါတယ်။ အန်ဒရေးက သူ့ရဲ့အိမ်ကြီးကို ဖျက်ဆီးဖို့အတွက် ရှေ့ဆက်လုပ်ဆောင်တာက ​မြင်သာတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ Good Morning Britain ကို ပြောကြားခဲ့တာပါ။

“အိမ်အတွင်းထဲက ကင်မရာအများစုကို ဖျက်ဆီးပစ်ခဲ့ပေမယ့် လျှပ်စစ်မီးရတဲ့အချိန် အလုပ်လုပ်နေဆဲဖြစ်တဲ့ amateur webcam လေးတစ်ခုတော့ ရှိခဲ့တယ်။ သူတို့တွေ အခြားအိမ်တွေက ပစ္စည်းတွေကို ကျွန်တော့် အိမ်ထဲကို သယ်လာတာကို ကျွန်တော် မြင်ခဲ့တယ်။ သူတို့က အခြားသူတွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေ တီဗီတွေ၊ iPad တွေ၊ ကွန်ပျူတာတွေကို ထရပ်ကားတွေပေါ် တင်နေကြတယ်” လို့ အန်ဒရေးက ပြောပါတယ်။ အနည်းဆုံး ရုရှားစစ်ကား ၁၂ စီးနဲ့ စွမ်းအားမြင့် လက်နက်ကြီးတွေကို ကိယက်ဗ်​မြို့မှာ ပစ်ခတ်နေကြတာကို အန်ဒရေး သတိထားမိတဲအချိန်မှာ သူ့အိမ်ကို ဗုံးကြဲပစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ “သူတို့က ကျွန်တော့်အိမ်ကနေ ကိယက်ဗ်ကို ပစ်ခတ်နေကြတာ။ ဝမ်းသာစရာကတော့ သူတို့ ယူကရိန်းစစ်တပ်ရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရတယ်”လို့ သူကပြောပါတယ်။

လူတော်တော်များများကတော့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ အိမ်ကို ဗုံးခွဲပစ်ဖို့ နှစ်ခါ ပြန်စဉ်းစားကြပါလိမ့်မယ်။ ဒါပေမဲ့ အန်ဒရေးက ဗုံးခွဲလိုက်ဖို့ ဆုံးဖြတ်ရတာ လွယ်ကူတယ်လို့ ပြောပါတယ်။ “လွန်ခဲ့တဲ့ နှစ်လလောက်က ကျွန်တော့်အိမ်မှာ စစ်အာဏာရှင်တွေ ရှိနေရင် ဘယ်လိုခံစားချက်မျိုးရှိမလဲလို့ မေးရင် ဒေါသထွက်တယ်လို့ ကျွန်တော် ပြောပါလိမ့်မယ်။ ဒါပေမဲ့ ဒါက ကျွန်တော် ခံစားခဲ့ရတဲ့အရာမဟုတ်ပါဘူး။ ကျွန်တော် အံ့အားသင့်မိတယ်။ ကျွန်တော့်အိမ်ထဲ လျှောက်သွားနေတဲ့ လူတချို့ကို ကြည့်နေရတာ ရွံ့ရှာသလို ခံစားခဲ့ရတယ်။ ဒါက ကျွန်တော့်အတွက် ခိုင်ခိုင်မာမာချခဲ့တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ယူကရိန်းတပ်ကို ကူညီဖို့ လုပ်နိုင်တာ အများကြီးမရှိဘူး။ ဒါက ကျွန်တော့်မှာ ရှိတဲ့ အခွင့်အရေးတွေထဲကတစ်ခုပါပဲ ” လို့သူက ပြောပါတယ်။

အန်ဒရေးက သူ့ရဲ့ဖေ့စ်ဘုတ်ခ်စာမျက်နှာထက်မှာ ဗုံးကြဲခံထားရတဲ့သူ့ရဲ့အိမ်ပုံတွေကို တင်ခဲ့သလို ဖျက်ဆီးခံခဲ့ရတဲ့ စစ်သုံးယာဉ်တွေရဲ့ဓာတ်ပုံတွေကိုလည်း ပြသခဲ့ပါတယ်။ “ကျွန်တော်တို့ အိမ်ပြန်ဆောက်ရမယ်၊ တိုင်းပြည်ကို ပြန်တည်ဆောက်ရမယ်၊ အဓိကက အသက်တွေကို တတ်နိုင်သမျှ လူတော်တော်များများရဲ့အသက်ကို ကယ်တင်ဖို့ပါပဲ။ ကျွန်တော့်ရဲ့ခြံထဲကနေ သူတို့တွေ ပစ်နေခဲ့ကြတယ်။ နံရံတွေပြန်တည်ဆောက်ဖို့ လွယ်ကူတယ်။ တရားမျှတမှုကို ပြန်လည်ရရှိဖို့ ပိုခက်ခဲတယ်” ဆိုတဲ့စာသားကိုလည်း ရေးသားခဲ့ပါတယ်။

Kyiv Independent သတင်းဌာနအရ ယူကရိန်း ကာကွယ်ရေးတပ်တွေက ဧပြီလ ၁၇ ရက်အထိ ရုရှားကျူးကျော်သူ ၂၀၃၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားကျူးကျော်ဝင်ရောက်တဲ့အချိန်ကတည်းကလေယာဉ် ၁၆၅ စီး၊ ရဟတ်ယာဉ် ၁၄၆ စီး၊ တင့်ကား ၇၇၃ စီး၊ သံချပ်ကာယာဉ် ၂၀၀၂ စီးနဲ့ မော်တော်ယာဉ် ၁၄၇၁ စီး ဖျက်ဆီးခံခဲ့ရပါတယ်။

Ref: Ladbible “Ukrainian Millionaire Asks Air Force To Bomb His Mansion After Seeing Russian Forces Inside”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top