နောက်ထပ်တစ်ကြိမ် မိန်းကလေးတစ်ယောက်ကို လက်ရောက်ကျူးလွန်မှုပြုလုပ်ခဲ့ပြန်တဲ့ ခရစ် ဘရောင်း (Chris Brown) ( နောက်ပြောင်ကျီစယ်တာပါတဲ့)

ch.jpg

Mandatory Credit: Photo by Broadimage/REX/Shutterstock (8859305y) Chris Brown 'Welcome To My Life' film premiere, Los Angeles, USA - 06 Jun 2017 Chris Brown Documentary "Welcome To My Life" - Los Angeles Premiere

သူငယ်ချင်းကောင်မလေးတစ်ယောက်ရဲ့ လည်ပင်းကို အတင်း ချုပ်ကိုင်ထားတယ်လို့ ထင်ရတဲ့ ခရစ် ဘရောင်း (Chris Brown) ရဲ့ဓာတ်ပုံတွေပေါ်ထွက်လာခဲ့ပေမယ့်လည်း ခရစ် (Chris) ကတော့ ဒါဟာ ၎င်းတို့အနားယူနေစဉ် အပျော်သဘောအနေနဲ့ နောက်ပြောင်ခြင်းသက်သက်သာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ မိုင်ယာမီ (Miami) မြို့မှာ တနင်္လာနေ့မနက်က ရိုက်ကူးထားခံခဲ့ရတဲ့ ဓာတ်ပုံတချို့မှာတော့ R&B အဆိုတော် ခရစ် ဘရောင်း (Chris Brown) ဟာ ၎င်း၏လက်နဲ့ အမျိုးသမီးရဲ့လည်ပင်းကိုချုပ်ကိုင်ထားခဲ့ပြီး အခြား ဧည့်သည်တစ်ယောက်က သူတို့နှစ်ဦးကြား ဝင်ရောက်ဖြေရှင်းပေးဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ လည်ပင်းကိုချုပ်ကိုင်ခံထားရတဲ့အမျိုးသမီးဟာ ဓာတ်ပုံတော်တော်များများမှာ အသက်ရှုမွန်းကျပ်နေတယ်လို့ ထင်ရပြီး ဘရောင်း (Brown) က ၎င်းရဲ့လက်ကိုအမျိုးသမီးရဲ့ လည်ပင်းကနေ ဖြေလျော့လိုက်တဲ့အခါမှာတော့ ပြုံးလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ ဘရောင်း (Brown) ဟာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အင်စတာဂရမ် (Instagram) မှာ စာတိုတစ်စောင်ရေးသားကာ ပြန်လည်ငြင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ အင်စတာဂရမ်ပို့စ်မှာတော့ “ဒီနေ့ကျော်ကြားမှုတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီလမ်းကြောင်းကို ပြန်မသွားတော့ဘူး ဆိုတာလည်း ခင်ဗျားတို့ ကောင်းကောင်းသိကြပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်ကိုယ် ကျွန်တော် ကာကွယ်ပြောနေစရာအကြောင်းတောင် မရှိပါဘူး။ ကျွန်တော့်အနားမှာရှိနေခဲ့တဲ့ မိန်းကလေး၊ ယောက်ျားလေးအားလုံးဟာ သူငယ်ချင်းအရင်းကြီးတွေပါ။ မတရားသဖြင့် အနိုင်ကျင့်တာမျိုးတွေ မရှိပါဘူး။ မိုက်မိုက်မဲမဲတွေလည်း မလုပ်ပါဘူး။ ချစ်တယ်❤” ဆိုပြီး ရေးသားထားပါတယ်။

ဘရောင်း (Brown) နဲ့ သူရဲ့အဆိုပါ သူငယ်ချင်းအမျိုးသမီးကတော့ ဒီကိစ္စဟာ အပျော်သဘော ကျီစယ်၊ နောက်ပြောင်မှုသက်သက်သာဖြစ်ကြောင်း အတိအလင်းပြောဆိုနေကြတယ်လို့ TMZ ရဲ့သတင်းမှာဖော်ပြထားပါတယ်။ ဘရောင်း (Brown) နဲ့ သူ့သူငယ်ချင်းအဖွဲ့ဟာ Ultra electronic music festival ကျင်းပစဉ်ရက်အတွင်း မိုင်ယာမီ (Miami) မြို့မှာ အိမ်ငှားနေနေကြတာဖြစ်တယ်လို့လည်း သတင်းရရှိထားပါတယ်။

ဘရောင်း (Brown) ရဲ့ရှေ့နေ မက်(ခ့်) ဂျာလ်ဂိုလ်စ် (Mark Geragos) ကတော့ “သူမက ဘရောင်း (Brown) ရဲ့သူငယ်ချင်းပါ။ သူမပြောခဲ့သလိုပဲ ဒါက စနောက်မှုသက်သက်ဖြစ်တယ်ဆိုတာ ထင်ရှားပြီးသားပါ။ သူတို့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဝင်ရောက်စွက်​ဖက်​တဲ့ဘယ်သူမဆို တာဝန်ခံရမှာပဲ” လို့ TMZ ကိုပြောကြားခဲ့ပါတယ်။

ဘရောင်း (Brown) ဟာ အပေါ်ပိုင်းဗလာနဲ့ ဂျင်းဘောင်းဘီကိုသာဝတ်ဆင်ထားပြီး လည်ပင်းမှာတော့ဆွဲကြိုးအချို့အပြင် လိမ္မော်ရောင်အကွက်ဒီဇိုင်း ကတ်ဦးထုတ်တို့ကိုလည်း ဆောင်းထားပါသေးတယ်။ သူ့ရဲ့သူငယ်ချင်းဖြစ်သူကောင်မလေးရဲ့နောက်ဘက်မှာ ရပ်နေတာဖြစ်ပြီး စကားပြောနေစဉ်အတွင်း သူမရဲ့လည်မျိုကို ဖမ်းချုပ်ထားတာဖြစ်ပါတယ်။ ဘရောင်း (Brown) က လည်ပင်းကိုချုပ်ကိုင်ထားတဲ့အတွက် သူမနာကျင်နေတယ်ဆိုတာ ပေါ်လွင်နေပြီး သူမရဲ့လက်တွေကလည်း ဘရောင်း (Brown) ရဲ့လက်ပေါ်ကိုရောက်နေပါတယ်။ အဲ့ဒီအချိန်မှာပဲ ပန်းပွင့်ရိုက်အင်္ကျီကို ဝတ်ဆင်ထားတဲ့ တစ်ဖက်ဝိုင်းက အမျိုးသမီး ရောက်လာခဲ့ပြီး ၎င်းတို့နှစ်ဦးကြားပဋိပက္ခကို ဖြေရှင်းပေးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံတွေဟာ နောက်ပြောင်ထားတာလား (သို့) တကယ်လားဆိုတာကိုတော့ ဘရောင်း (Brown) ရဲ့ပြစ်မှုမြောက် အကြမ်းဖက်မှုမှတ်တမ်းတွေကိုကြည့်ပြီး သဘောထားကွဲလွဲနိုင်ပါတယ်။

၂၀၀၉ ခုနှစ် အကြို ဂရမ်မီပါတီအပြီးတုန်းက ဘရောင်း (Brown) ဟာ ၎င်းရဲ့ရည်စားဟောင်း ရီဟားနား (Rihanna) အပေါ် ပြစ်မှုမြောက် လက်ရောက်ကျူးလွန်မှုနဲ့ စီရင်ချက်ချမှတ်ခံခဲ့ရဖူးတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့အဆိုပါအမှုဖြင့် ဘရောင်း (Brown) ရဲ့စောင့်ကြည့်ခံရကာလဟာ တရားဝင်ပြီးဆုံးသွားခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ ဘရောင်း (Brown) ဟာ ဒရိတ်(ခ်) (Drake) နှင့် သူ့ရဲ့အပေါင်းအပါတွေနဲ့ နယူးရောခ့်ရဲ့ ညကလပ်တစ်ခုမှာ ရီဟားနား (Rihinna) ကြောင့်ရန်ပွဲဖြစ်ခဲ့ကြပါသေးတယ်။ ၂၀၁၃ ခုနှစ်မှာလည်း နိုင်ငံကျော်အဆိုတော် ဘရောင်း (Brown) ဟာ ဖရန့်(ခ်) အိုရှင်း (Frank Ocean) နဲ့ အော်ကြီးဟစ်ကျယ်ရန်ပွဲမှာပါဝင်ခဲ့ပါသေးတယ်။ အဲ့ဒီအမှုနဲ့ပတ်သတ်ပြီးတော့ ဘယ်လိုစွဲချက်တင်မှုမှတော့ မရှိခဲ့ပါဘူး။

နောက်ထပ် ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာပဲ အမျိုးသားတစ်ဦးကို ဝါရှင်တန် D.C (Washigton D.C) ရဲ့ W ဟိုတယ် အပြင်ဘက်မှ လက်သီးနှင့် ထိုးခဲ့တဲ့အမှုနဲ့ပတ်သတ်ပြီးတော့လည်း ရာဇဝတ်ကြီးမြောက် လက်ရောက်ကျူးလွန်မှုအဖြစ် ဖမ်းဆီးခံခဲ့ရပါသေးတယ်။ အဆိုပါအကြောင်းအရာအတွက် စီရင်ချက်ကို ပြစ်မှုသေး (ရာသေး) အဖြစ်လျော့ချခံရကာ တရားရင်ဆိုင်နေရစဉ်အတွင်းမှာတော့ Brown ဟာ စောင့်ကြည့်စင်တာမှာပဲ နေခဲ့ရတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်၊ ဇွန်လမှာတော့ ဘရောင်း (Brown) ဟာ လက်(စ်) ဗီဂက်စ် (Las Vegas) ကလပ်မှာ ၎င်းကိုဓာတ်ပုံရိုက်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသမီးရဲ့မျက်နှာကို လက်သီးနဲ့ထိုးခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါသေးတယ်။ ၂၀၁၆ ခုနှစ်၊ ဇွန်လကုန်ခါနီးမှာပင် ဘရောင်း (Brown) ရဲ့အရင် မန်နေဂျာ မိုက်(ခ်) ဂျီ (Mike G) ကနေပြီး ခရစ် ဘရောင်း (Chris Brown) က၎င်းကို ဆေးအလွန်အကျွံအသုံးပြုပြီး မတရားလက်ရောက်ကျူးလွန်မှုပြုလုပ်ခဲ့တဲ့အတွက် လျော်ကြေးတောင်းဖို့ ကယ်လီဖိုးနီးယားမှာရှိတဲ့ တရားရုံးကိုစွဲချက်တင်ခဲ့ပါသေးတယ်။

၂၀၁၆ ခုနှစ်၊ ဩဂုတ်လမှာလည်း ဘရောင်း (Brown) ဟာ အမျိုးသမီးတစ်ယောက်ကို သေစေနိုင်လောက်တဲ့ လက်နက်ဖြင့်ခြိမ်းခြောက်မှုမှာ မသင်္ကာ၊ သံသရရှိသူအဖြစ် အဖမ်းခံခဲ့ရပါတယ်။ အဆိုပါအမျိုးသမီးရဲ့ ထွက်ဆိုချက်အရ ဘရောင်း (Brown) ဟာ ယမန်နေ့မနက်စောစောပိုင်းက ဘရောင်း (Brown) ရဲ့နေအိမ်ရှေ့မှာ သူမမျက်နှာတည့်တည့်ကို သေနတ်ဖြင့် ချိန်ရွယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ရဲစစ်ချက်အပြီးမှာတော့ ဘရောင်း (Brown) က အဲဒီကိစ္စရပ်နဲ့ပတ်သတ်ပြီး သူ့အနေနဲ့လုံးဝအပြစ်ကင်းစင်ကြောင်းကို သူ့ရဲ့ အင်စတာဂရမ်ကနေ အတိအလင်းပြောကြားခဲ့ပါတယ်။

Ref : DailyMail

Po Mo Htoo Sung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top