သြစတြေးလျရွေးကောက်ပွဲမှာ (၂) ခါပြန် လျော်ခဲ့ရတဲ့ လောင်းကစားကုမ္ပဏီ

61385437_2391837204180519_295956794683949056_n.jpg

သြစတြေးလျနိုင်ငံက လောင်းကစားကုမ္ပဏီတစ်ခုဟာ သြစတြေးလျရွေးကောက်ပွဲမှာ အတွက်မှားပြီး အလျော်အစားလုပ်ခဲ့လို့ ”မိအေး နှစ်ခါနာ”ဖြစ်ခဲ့ရပါတယ်။ Sportsbet ကုမ္ပဏီဟာ သြစတြေးလျနိုင်ငံ ရွေးကောက်ပွဲမှာ လေဘာပါတီ အနိုင်ရမယ်လို့ လောင်းခဲ့တဲ့သူတွေကို သြစတြေးလျဒေါ်လာ (၁) သန်းကျော် ပေးလျော်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရွေးကောက်ပွဲအတွက် မဲရုံအထွက် သဘောထားကောက်ခံမှုတွေအရ လေဘာပါတီက (၆) နှစ်အတွင်း ပထမဆုံးအကြိမ် အနိုင်ရမယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမဲ့ မဲရေတွက်မှုပြီးစီးချိန်မှာတော့ လက်ရှိဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ရဲ့ Liberal-National ပါတီက အစိုးရဖွဲ့နိုင်လောက်တဲ့ အမတ်နေရာ အများစုအနိုင်ရခဲ့ပါတယ်။ ဒါကြောင့် Sportsbet ကုမ္ပဏီဟာ Liberal-National ပါတီအနိုင်ရမယ်လို့ လောင်းကြေးထပ်ထားသူတွေကို လောင်းကြေးလျော်ခဲ့ရပါတယ်။

”ကျွန်တော်တို့ကုမ္ပဏီရဲ့ ကျွမ်းကျင်ပညာရှင်တွေက လေဘာပါတီနိုင်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် အချိန်စောပြီး လောင်းကြေးငွေထုတ်ပေးခဲ့တာပါ။ လောင်းကြေးငွေ (၇၀) ရာခိုင်နှုန်းက လေဘာပါတီဘက်က လောင်းထားတာပါ”လို့ Sportsbet ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ ဟမ်းမားစတန်က ပြောပါတယ်။ အရင်တုန်းကလည်း လောင်းကစားကုမ္ပဏီတွေဟာ ရလဒ်အတိအကျ မထွက်ခင် အလျော်အစားလုပ်ခဲ့ဖူးလို့ (၂) ခါပြန် လျော်ရတာမျိုး ရှိခဲ့ဖူးပါတယ်။

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အိုင်ယာလန်နိုင်ငံအခြေစိုက် Paddy Power လောင်းကစားကုမ္ပဏီက မဲရလဒ်မထွက်ခင် တစ်လအလိုမှာကတည်းက ဟီလာရီကလင်တန် အနိုင်ရမယ်လို့ လောင်းကြေးထပ်ထားတဲ့ဘက်ကို လောင်းကြေးငွေတွေ လျော်ပေးခဲ့ပါတယ်။ ကလင်တန်နိုင်မယ်လို့ လောင်းကြေးထပ်ထားတဲ့ဘက်ကို အမေရိကန်ဒေါ်လာ (၁) သန်း လျော်ပေးခဲ့ရပါတယ်။ တကယ်တမ်းရလဒ်ထွက်လာချိန်မှာ ဒေါ်နယ်ထရမ့် အနိုင်ရသွားလို့ Paddy Power လောင်းကစားကုမ္ပဏီက ဒေါ်နယ်ထရမ့်ဘက်ကနေ လောင်းကြေးထပ်ထားသူတွေကို အမေရိကန်ဒေါ်လာ (၄.၅) သန်း လျော်ခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top