ကျောင်းလုပ်သားကြီးအတွက် အမြဲအမှတ်တရဖြစ်နေစေမယ့်နှုတ်ဆက်ပွဲ

190522_gma_digital_janitor-king_hpMain_16x9_608.jpg

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ ကာရိုးလ်ကောင်တီက မူလတန်းကျောင်းသားလေးတွေကတော့ အသက် (၈၃) နှစ်အရွယ် ကျောင်းစောင့်အဘိုးအို ဂျွန်လော့ခ်ကတ် (John Lockett) ကို သူ့ရဲ့နှုတ်ဆက်ပွဲမှာ ဘုရင်ကြီးတစ်ပါးလို ပြင်ဆင်ပေးပြီး နှုတ်ဆက်ခဲ့ကြပါတယ်။ လော့ခ်ကတ်ဟာ မူလတန်းကျောင်းမှာ ကျောင်းလုံခြုံရေးတာဝန်အပြင် တံမြက်စည်းလှည်းတာ၊ ပစ္စည်းသိမ်းတာ၊ ကြမ်းတိုက်တာစတဲ့အလုပ်တွေကို (၁၂) နှစ်ကြာအောင် လုပ်ခဲ့တာပါ။

ခေါင်းမှာ သရဖူ၊ ကိုယ်မှာဝတ်ရုံရှည်ကို ဝတ်ဆင်ပေးခဲ့ပြီး ကျောင်းသူ၊ကျောင်းသားတွေက လက်ဆွဲ နှုတ်ဆက်ခဲ့ကြ

အဖိုးအို လော့ခ်ကတ်ဟာ ပြီးခဲ့တဲ့နှစ်မှာ ကျန်းမာရေးမကောင်းခဲ့တာကြောင့် ကျောင်းအုပ်ဆရာကြီးက သူ့ကို (၂၀၁၈) ခုနှစ် ဒီဇင်ဘာလမှာ အလုပ်ကနေ အနားယူဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူက နှစ်အကုန်အထိ အလုပ်လုပ်ခဲ့ပါတယ်။ အခုတော့ လော့ခ်ကတ်ဟာ တံမြက်စည်းကိုချလိုက်ပြီး ကျောင်းကနေ အနားယူလိုက်ပါပြီ။ အရင်အပတ်သောကြာနေ့မှာတော့ ကလေးတွေက “ဂျွန်နေ့”လို့ သတ်မှတ်ပေးပြီး သူ့ကို နှုတ်ဆက်ခဲ့ကြပါတယ်။

အဘိုးအိုကိုင်ထားတဲ့ခြင်းတောင်းထဲကို စာတွေ၊ ပုံတွေနဲ့ လက်ဆောင်တွေ ထည့်ပေးခဲ့ကြ

ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ကျောင်းမဆင်းခင် နှုတ်ဆက်ပွဲပြီးချင်တဲ့အတွက်ကြောင့် အဘိုးအိုလော့ခ်ကတ်ကို အရင်ကထက်စောပြီး ကျောင်းလာဖို့ ပြောခဲ့ကြပါတယ်။ အဘိုးအိုက ကျောင်းလမ်းအတိုင်းလျှောက်လာစဉ်မှာ ဆရာ၊ ဆရာမတွေက သူ့ကို ခေါင်းမှာ သရဖူ၊ ကိုယ်မှာဝတ်ရုံရှည်ကို ဝတ်ဆင်ပေးခဲ့ပြီး ကျောင်းသူ၊ကျောင်းသားတွေက လက်ဆွဲ နှုတ်ဆက်ခဲ့ကြပါတယ်။
ခန်းမထဲကို လမ်းလျှောက်သွားတဲ့အချိန်မှာ ကျောင်းသူ၊ ကျောင်းသားတွေက အဘိုးအိုကိုင်ထားတဲ့ခြင်းတောင်းထဲကို စာတွေ၊ ပုံတွေနဲ့ လက်ဆောင်တွေ ထည့်ပေးခဲ့ကြပါတယ်။ အဘိုးအိုက “ကျုပ်က ကလေးတွေကို သိပ်ချစ်တာ။ ဘဝကို အဓိပ္ပာယ်ရှိရှိနေဖို့လည်း နည်းလမ်းရှာခဲ့တယ်။ ကလေးတွေကို သူရဲကောင်းတွေ ဖြစ်စေချင်တယ်”လို့ ပြောခဲ့ပါတယ်။

Ref: CNN “Elementary school students gave their 83-year-old custodian a retirement ceremony fit for a king”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top