ပိုလန်နိုင်ငံမှာမွေးဖွားတဲ့ (၆) မွှာပူး ကလေးတွေကတော့မွေးစကတည်းက နာမည်ကျော်လေးတွေဖြစ်ခဲ့ပါပြီ။ ပိုလန်နိုင်ငံသမ္မတနဲ့ ဘောလုံးအသင်းတစ်သင်းတို့က အဲဒီ (၆) မွှာပူးလေးတွေ မွေးခဲ့တဲ့နေ့မှာ ဂုဏ်ပြုကြိုဆိုခဲ့ကြလို့ဖြစ်ပါတယ်။
အသက် (၂၉) နှစ်အရွယ်ရှိ အမည်မဖော်လိုသူအမျိုးသမီးတစ်ဦးဟာ တနင်္လာနေ့က ပိုလန်နိုင်ငံတောင်ပိုင်း ကရာကော (Krakow)မြို့က တက္ကသိုလ်ဆေးရုံ (University Hospital) မှာ ကလေး (၆) မွှာပူး မွေးဖွားခဲ့ပါတယ်။ ပိုလန်နိုင်ငံမှာ ပထမဆုံးသော (၆) မွှာပူး မွေးဖွားမှုဖြစ်ပြီး မိခင် နဲ့ ကလေး (၆) ယောက်စလုံး ကျန်းမာလျက်ရှိပါတယ်။ ကလေး (၆) ယောက်ထဲမှာ (၄) ယောက်က မိန်းကလေးဖြစ်ပြီး (၂) ယောက်ကတော့ ယောက်ျားလေးပါ။ ဒီ (၆) မွှာပူးလေးတွေမှာ (၂) နှစ်ခွဲအရွယ်အစ်ကိုတစ်ယောက် ရှိနေပါတယ်။

ပိုလန်နိုင်ငံမှာ ပထမဆုံးသော (၆) မွှာပူး မွေးဖွားမှုဖြစ်ပြီး မိခင် နဲ့ ကလေး (၆) ယောက်စလုံး ကျန်းမာ
ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီယာ လိုကော်စကာ (Maria Wlodkowska) က ကလေး (၆) ယောက်စလုံး ကိုယ်အလေးချိန် (၈၉၀) ဂရမ် နဲ့ (၁၃၀၀) ဂရမ်ကြားမှာ ရှိတယ်လို့ ပြောခဲ့ပါတယ်။ စစ်တမ်းတွေ၊ လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင် (၅) ဘီလျံမှာ တစ်ဦးသာ (၆) မွှာပူး မွေးနိုင်ချေရှိနေတယ်လို့ တွေ့ရှိရပါတယ်။ အခုလိုကလေး (၆) မွှာပူးမွေးတဲ့သတင်းက ပိုလန်နိုင်ငံတစ်ခုလုံးကို ပျံ့နှံသွားခဲ့ပါတယ်။
ပိုလန်နိုင်ငံသမ္မတ အန်းဒရက် ဒူဒါ (Andrzej Duda) ကတော့ တွစ်တာမှာ (၆) မွှာပူးကလေးတွေရဲ့ မိဘတွေနဲ့ ဆရာဝန်တွေကို ဂုဏ်ယူစကား ပြောခဲ့ပါတယ်။ မြို့ခံဘောလုံးအသင်း ကရာကိုဗီယာ (Cracovia) ကလည်း တွစ်တာမှာ တစ်သက်တာ ဘောလုံးပွဲကြည့်ခွင့်လက်မှတ်တွေပေးအပ်မယ့်အကြောင်း ရေးသားခဲ့ပါတယ်။
Ref: ABCNews “Sextuplets born in Poland; mother and newborns doing well”
Ah Ko Latt (ရိုးရာလေး)