လမ်းပေါ်မှာ (၄) နှစ်ကြာ စောင့်မျှော်နေခဲ့တဲ့ ခွေးလေး သခင်နဲ့ ပြန်ဆုံစည်းခွင့်ရပြီ

yyl-028-1.jpg

ခွေးတွေက နောက်ဆုံးထွက်သက်ထိတိုငအောင် သခင်တွေအပေါ် မပြောင်းလဲတဲ့ချစ်ခြင်းတရား၊ သစ္စာတရားတွေထားတတ်ကြပါတယ်။ ဒါကြောင့်ပဲ ခွေးတွေကို လူသားတွေရဲ့အကောင်းဆုံးသူငယ်ချင်းလို့ သတ်မှတ်ထားကြတာပါ။ ခွေးတွေက သခင်တွေကို ဘယ်လောက်သံယောဇဉ်တွယ်လဲဆိုတာကို ထိုင်းနိုင်ငံက ခွေးလေးတစ်ကောင်က သက်သေပြနေတယ်လို့ ပြောရမှာပါပဲ။

ထိုင်းနိုင်ငံရဲ့လမ်းမထက်မှာ သူ့သခင်ကို အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့တဲ့ လီယို (Leo) ဆိုတဲ့ခွေးလေးရဲ့ဇာတ်လမ်းကို ထိုင်းလူမျိုးတစ်ယောက်က အွန်လိုင်းမှာ မျှဝေခဲ့ပါတယ်။ အဲဒီလူက လီယိုကို လမ်းမထက်မှာ တစ်ယောက်ယောက်ကို စောင့်နေသလိုတွေ့ခဲ့ပါတယ်။ ပင်နူချဝတ်တ် (Pinuchawet) ဆိုတဲ့အမျိုးသမီးတစ်ယောက်က သူ့ကို အစာလာမကျွေးခင်ထိ ခွေးလေးကို စွန့်ပစ်ထားခံရတယ်လို့ ထင်ခဲ့တာပါ။

လီယိုက လွန်ခဲ့တဲ့ (၄) နှစ်ကတည်းကနေ အခုအချိန်ထိ ဒီလမ်းမပေါ်မှာပဲ စောင့်ဆိုင်းနေခဲ့တာကို တွေ့ခဲ့ရတာဖြစ်တယ်လို့ အဲဒီအမျိုးသမီး ပြောပြလို့ သူသိခဲ့ရပါတယ်။ အဲဒီအမျိုးသမီးက လီယိုကို သူ့အိမ်ခေါ်သွားဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရက်အနည်းငယ်ကြာပြီးရင် သူ့အိမ်ကနေ ထွက်ပြေးသွားခဲ့ပြီး ပထမဆုံးတွေ့ခဲ့တဲ့နေရာကိုပဲ ပြန်သွားခဲ့တာပါ။ လီယိုက သူ့အိမ်ကို မလိုက်ချင်တဲ့အတွက် ရွေးချယ်စရာမရှိတာနဲ့ အစာပဲလာကျွေးဖြစ်ခဲ့ပါတယ်။ သူ မအားတဲ့နေ့တွေဆိုရင် သူ့မိသားစုက သူ့အစား လီယိုကို အစာလာကျွေးပေးပါတယ်။

လီယိုအကြောင်းကို ပထမဆုံးသိခဲ့တဲ့ထိုင်းလူမျိုးဆီကနေတဆင့် သိသွားတဲ့ အင်တာနက်အသုံးပြုသူတွေက သူ့သခင်နဲ့ ပြန်လည်ဆုံစည်းစေချင်တဲ့ဆန္ဒနဲ့ လူမှုကွန်ယက်အကောင့်မှာ လီယိုရဲ့ဇာတ်လမ်းလေးကို မျှဝေပေးဖို့ ကူညီခဲ့ကြပါတယ်။ မိသားစုတစ်စုက လွန်ခဲ့တဲ့ (၄) နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ ခွေးလေးဘုံဘုံ (Bon Bon) နဲ့တူတယ်လို့ ပြောပြီး မူရင်းပို့စ်ကို ဆက်သွယ်လာခဲ့ပါတယ်။

သူ့ရဲ့ဆွေမျိုးတွေဆီ သွားလည်တော့ ဘုံဘုံကို ခေါ်သွားခဲ့ပါတယ်။ ဂက်စ်ဖြည့်တဲ့ဆိုင် ဝင်တော့ ကားထဲမှာဘုံဘုံမရှိတော့တာကို သိခဲ့ရပါတယ်။ သူတို့သွားခဲ့တဲ့လမ်းတစ်လျှောက်ကို ပြန်သွားရှာတော့ ဘုံဘုံကို ရှာမတွေ့ခဲ့ဘူးလို့ ခွေးလေးရဲ့သခင် နွိုင်း (Noi) ကပြောပါတယ်။

ဘုံဘုံကို သေသွားပြီလို့ ထင်ခဲ့တာကြောင့် နှစ်တွေကြာမှ သူ့ကို အသက်ရှင်လျက် ပြန်တွေ့ရတာ အရမ်းဝမ်းသာခဲ့ကြပါတယ်။ စက်တင်ဘာ (၉) ရက်နေ့မှာ ဘုံဘုံကို ပြန်လာခေါ်ခဲ့ပါတယ်။ သခင်တွေနဲ့ ပြန်တွေ့ရလို့ ပျော်ပြီး ဘုံဘုံက အမြီးယမ်းပြခဲ့ပေမဲ့ သူ့သခင်ရဲ့အိမ်ကို မလိုက်ချင်ဖြစ်နေခဲ့ပါတယ်။

နွိုင်းနဲ့ ပင်နူချဝတ်တ်တို့က သူ့ကို ဆေးကုသပေးပြီး ဂရုစိုက်မှုတွေပြုလုပ်ပြီးမှ ပြန်ခေါ်တာကောင်းမယ်လို့ တိုင်ပင်ခဲ့ကြပါတယ်။ စက်တင်ဘာ (၁၄) ရက်နေ့မှာ ဘုံဘုံကို ဆေးစစ်ချက်တွေပြုလုပ်ဖို့ တိရစ္ဆာန်ဆေးကုခန်းခေါ်သွားဖို့ စီစဉ်ထားပါတယ်။

ဗီဒီယိုလင့်ခ်ကို ကြည့်ရှုရန် – http://tiny.cc/ivuncz

Ref: AsiaOne “Lost dog waits for 4 years by road in Thailand before he’s reunited with owner”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top