ကင်ဂျုံအန်နှင့်တွေ့ဆုံရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သဘောတူ

180611204213-02-trump-kim-handshake-0611-screengrab-super-tease.jpg

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်မှုကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လက်ခံ သဘောတူလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြုံယမ်းမြို့မှာ ကင်ဂျုံအန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဟာ ကင်ဂျုံအန် လူကြုံပါးလိုက်တဲ့စာကို အမေရိကန် သမ္မတထံ ပေးအပ်ခဲ့အပြီးမှာ အိမ်ဖြူတော်ကနေ ယခုလို အံ့အားသင့်ဖွယ်သတင်းတစ်ခု ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။

ကင်ဂျုံအန်က နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ ရပ်နားဖို့နဲ့ နျူကလီးယား ကင်းစင်ရေးအတွက် ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့က ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ဆွေးနွေးစရာ အကြောင်းမရှိ လို့ဆိုခဲ့ဖူးတဲ့ ဒေါ်နယ်ထရမ့်ကတော့ အခုကိစ္စဟာ အကြီးအကျယ် တိုးတက်လာမှုပဲ လို့ဆိုခဲ့ပြီး တိကျခိုင်မာတဲ့ သဘောတူညီချက် မရမချင်း အရေးယူ ပိတ်ဆို့မှုတွေ ဆက်ရှိနေဦးမယ် လို့တော့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် တောင်ကိုရီးယား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ချန်းအီယွန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အပြင်းထန်ဆုံး ဖိအားပေးရေး မူဝါဒနဲ့ နိုင်ငံတကာရဲ့ စည်းလုံးညီညွတ်မှုကြောင့် ယခုအဆင့်ထိ ရောက်လာခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

“မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ချိန်မှာ သူက နျူကလီးယား ကင်းစင်ရေးအတွက် ကတိပြုခဲ့တဲ့အကြောင်း ဒေါ်နယ်ထရမ့်ကို ကျွန်တော် ပြန်ပြောပြခဲ့ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ နောက်ထပ်မလုပ်တော့ဘူးလို့ မစ္စတာကင်က ကတိပြုခဲ့တယ်။ သူ့ရဲ့ပြောဆိုမှုကအပေါ် သမ္မတဒေါ်နယ်ထရမ့်က အလေးထားခဲ့ပြီး အမြဲတမ်း နျူကလီးယား ကင်းစင်ရေးကိစ္စအတွက် လာမယ့်မေလမှာ ကင်ဂျုံအန်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ပြောခဲ့ပါတယ်”လို့ လည်း ချန်းအီယွန်က ဆိုခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top