ဂျွန်လင်နွန်ကို သတ်ခဲ့သူရဲ့ ၁၁ ကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမှု ပယ်ချခံရ

27-8-2020-yyl-017.jpg

ကမ္ဘာကျော် The Beatles အဖွဲ့ဝင် ဂျွန်လင်နွန်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ မက်ခ် ဒေးဗစ် ချက်ပ်မန်းရဲ့ (၁၁) ကြိမ်မြောက် အယူခံကို ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ချက်ပ်မန်းက ဂျွန်လင်နွန်ကို ဒါကိုတာအိမ်ရာ ဂိတ်ပေါက်ဝမှာ သေနတ်နဲ့ ပစ်သတ်လုပ်ကြံခဲ့တဲ့အတွက် ၁၉၈၀ခုနှစ်ကတည်းက ထောင်ကျခဲ့တာ ဖြစ်ပါတယ်။ ချက်ပ်မန်း ထောင်ကနေ လွတ်မြောက်ဖို့အတွက် (၁၁) ကြိမ်မြောက် အယူခံတင်သွင်းခဲ့ရာ ဗုဒ္ဓဟူးနေ့က တရားရုံးကြားနာမှုမှာ အယူခံပယ်ချခံခဲ့ရပါတယ်။

ချက်ပ်မန်းဟာ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုမြို့အနီးနားက Wende Correctional Facility မှာ အချုပ်ကျခံနေရတာပါ။ သူ လူသတ်မှုနဲ့ အချုပ်ကျနေခဲ့တာ နှစ် (၄၀) ရှိနေပါပြီ။ အရင်တုန်းက ဂျွန်လင်နွန်ရဲ့ ဇနီးဖြစ်သူ ယိုကို အိုနို (Yoko Ono)က ချက်ပ်မန်း အချုပ်ကျနေတာကနေ မလွတ်မြောက်ဖို့အရေး ခုခံခဲ့ပါတယ်။ ချက်ပ်မန်း လွတ်မြောက်လာရင် သူနဲ့သူ့ကလေး (၂) နှစ်ဦးအတွက် အန္တရာယ်ရှိမှာဆိုးတဲ့ အတွက်ကြောင့်ပါ။ အခုနှစ်မှာတော့ ယိုကိုက အသနားခံလွှာရေးသားခဲ့လား၊ မရေးခဲ့ဘူးလားဆိုတာ မရှင်းလင်းဘူးလို့ သိရပါတယ်။ ၂၀၁၈ခုနှစ်က အယူခံဘုတ်အဖွဲ့ဟာ ချက်ပ်မန်းဟာ ထောင်ကနေ လွှတ်သွားရင် စိတ်မချရတဲ့သူဖြစ်တဲ့အပြင် လင်နွန်အတွက် ကလဲစားချေချင်တဲ့ တစ်စုံတစ်ယောက်က သူ့ကို သတ်ပစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

အခု အသက် (၆၅) ရှိပြီးဖြစ်တဲ့ ချက်ပ်မန်းက ၁၉၈၀ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ ဂျွန်လင်နွန်ကို သတ်ခဲ့တဲ့အချိန်မှာ အသက် (၂၅) နှစ်ပဲရှိပါသေးတယ်။ ဂျွန်လင်နွန်ကို သတ်ခဲ့တာ အပြစ်ရှိကြောင်း သက်သေပြခဲ့ပြီးတဲ့နောက်မှာ တရားရုံးကို သူဖြေကြားခဲ့တာက ဂျွန်လင်နွန် အရမ်းနာမည်ကြီးလို့၊ တော်လွန်းလို့ သတ်ခဲ့တာပါတဲ့။ ချက်ပ်မန်းက ဂျွန်လင်နွန်ကို သတ်မယ့်နေ့မှာ ဒါကိုတာအိမ်ရာရှေ့ကို ညနေ့ခင်းမှာ သွားခဲ့ပြီး သီချင်းခွေမှာ သူ့အတွက် လက်မှတ်ထိုးပေးဖို့ လင်နွန်ကို တောင်းဆိုခဲ့ပါတယ်။

လင်နွန်က သူ့ဇနီးနဲ့အတူ ည (၁၀) နာရီခွဲဝန်းကျင်မှာ အိမ်ရာထဲဝင်တဲ့အချိန်မှာ ချက်ပ်မန်းရှိနေတုန်းပါပဲ။ အဲဒီအချိန်မှာ လင်နွန်ရဲ့နောက်ကျော၊ ပခုံးတွေကို သေနတ်နဲ့ (၄) ချက်ပစ်ခဲ့ပါတယ်။ ဆေးရုံရောက်ပြီး (၁) နာရီအကြာမှာ လင်နွန် သေဆုံးသွားခဲ့ပါတယ်။ ရဲတွေ ချက်ပ်မန်းကို သွားဖမ်းတဲ့အချိန်မှာ ဂျေဒီ စလင်ဂျာရဲ့ စာအုပ် The Catcher in the Rye စာမျက်နှာတွေကို လှန်လှောကြည့်နေတာပါ။ အခုဆိုရင် အယူခံအတွက် စီရင်ချက်ချမှုက ၂၀၂၂ခုနှစ်မှာ အကျုံးဝင်ဦးမှာ ဖြစ်ပါတယ်။

Ref: Tribune “John Lennon’s killer denied parole for the 11th time”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top