အသံထက်မြန်တဲ့ ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တဲ့ တရုတ်

38728030_1930750900314374_1932041482772938752_n.jpg

တရုတ်နိုင်ငံဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်လွှတ်နိုင်စွမ်းရှိတဲ့ အသံထက် မြန်တဲ့ ဒုံးကျည်တစ်စင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲကိစ္စ တင်းမာမှုတွေရှိနေချိန်မှာ အခုလိုမျိုး အသံထက်မြန်တဲ့ ဒုံးကျည်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ဒုံးကျည်ဟာ ဘယ်ဒုံးကျည် ကာကွယ်ရေးစနစ်ကိုမဆို ထိုးဖောက်နိုင်စွမ်း ရှိနေတယ်လို့ တရုတ်တာဝန်ရှိသူတွေက ဆိုထားပါတယ်။ တရုတ်အာကာသ အကယ်ဒမီဟာ အသံထက်မြန်တဲ့ ဒုံးကျည် ဖြစ်တဲ့ Xingkong 2 အမျိုးအစား ဒုံးကျည်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ပြောခဲ့ပြီးအဆိုပါ ဒုံးကျည်ကို Starry Sky-2, ဒုံးကျည်အဖြစ် လူသိများပါတယ်။

အသံထက် မြန်တဲ့ ဒုံးကျည်ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ပစ်မှတ်တွေဆီ ပစ်လွှတ်နိုင်ခဲ့တာဖြစ်ပြီး ဒုံးကျည်ရဲ့ မြန်နှုန်းဟာ တစ်နာရီ ၄၅၆၃ ကီလိုမီတာရှိတယ်လို့ သိရပါတယ်။ ဒုံးကျည်ဟာ သတ်မှတ်ထားတဲ့ဇုန်အတွင်းကို ကျရောက်ခဲ့ပြီး ဒါက ထိရောက်တဲ့ စမ်းသပ်မှုတစ်ခု ဖြစ်တယ်လို့ တရုတ် စစ်ရေးလေ့လာသူက ပြောပါတယ်။ အခု စမ်းသပ်မှုကတစ်ဆင့် တရုတ်နိုင်ငံဟာ အမေရိကန်၊ ရုရှားနိုင်ငံနဲ့ တိုးတက်မှုပိုင်းမှာ ပုခုံးချင်း ယှဉ်နိုင်ပြီဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ပစ်လွှတ်ခဲ့တဲ့ အသံထက်မြန်တဲ့ ဒီဒုံးကျည်ဟာ လျင်မြန်လွန်းပြီး လက်ရှိ ရှိနေတဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ရင်ဆိုင်နိုင်စွမ်းရှိနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ သူတို့ရဲ့ ဒုံးကျည်နည်းပညာပိုင်း ဖွံဖြိုးတိုးတက်လာမှုကို အသံထက်မြန်တဲ့ဒုံးကျည် စမ်းသပ်ပြီး ထုတ်ဖော်ပြသလိုက်တာလည်း ဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ဟာ ၂၀၁၀ ခုနှစ်တည်းက အသံထက်မြန်တဲ့ဒုံးကျည် စမ်းသပ်မှုတွေ၊ သုတေသနလုပ်မှုတွေ စတင် လုပ်ကိုင်နေ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: fox news “China tests hypersonic aircraft that can carry nukes”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top