ဖိနပ်ဗူးထဲက ရှေးဟောင်းကြွေအိုးလေးက မထင်မှတ်ပဲ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိနေ

38638967_598334413894177_1587047865354551296_n.jpg

အရင်ဆုံး ရိုးရာလေးပရိသတ်တွေကို ပြောချင်တာက ကိုယ့် မိဘ ဘိုးဘွားလက်ထက်က ချောင်ကပ် ပစ်ပယ်ထားမိတဲ့ ဗူးလေးတွေများရှိနေရင် သေချာ ဂရုတစိုက် ရှာကြည့်ပါလို့။ ဘာလို့လဲဆိုတော့ အခုဆိုရင် ဖိနပ်ဗူးလေး တစ်ဗူးထဲက တွေ့ရှိခဲ့တဲ့ ရှေးဟောင်း တရုတ်ကြွေအိုးလေးဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ယူရို ၁၆.၂ သန်း (ဒေါ်လာ ၁၉သန်း) နဲ့ လေလံအောင်သွားခဲ့လို့ပါပဲ။ ဒီနှုန်းဟာ ပြင်သစ်နိုင်ငံမှာ ပစ္စည်းတစ်ခုတည်းရဲ့ လေလံဈေးနှုန်း သမိုင်းမှာ အမြင့်ဆုံးလည်း ဖြစ်ပါတယ်။

ဒီကြွေအိုးလေးဟာ ၁၈ရာစုနှစ်က အိုးတစ်လုံးဖြစ်တယ်လို့ သိရှိရပါတယ်။ ပိုင်ရှင်ကတော့ ပြင်သစ်မိသားစု တစ်စုဖြစ်ပြီး မိသားစုအစဉ်အဆက် ပိုင်ဆိုင်လာတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ တခြား အမွေဆက်ခံထားတဲ့ ရှေးဟောင်းပစ္စည်းတွေလိုပဲ အိမ်ထပ်ခိုးမှာ နှစ်ပေါင်းများစွာကြာအောင် ထိန်းသိမ်းထားခဲ့ကြပြီးတဲ့နောက်မှာ လေလံပစ်တဲ့ရုံးဆီကို ဖိနပ်ဗူးနဲ့ ထည့်ထားလျက်သားလေး လာပို့ခဲ့တာဖြစ်ပါတယ်။

“ဒီအိုးလေး ကျွန်တော့်စားပွဲပေါ် လာတင်လိုက်ကတည်းက သူ့ရဲ့ လှပသေသပ်လှတဲ့ လက်ရာကြောင့် ကျွန်တော်တို့အားလုံး မှင်သက်သွားမိကြတယ်” လို့ လေလံအဖွဲ့က ကျွမ်းကျင်ပညာရှင် အိုလီဗီယာဗယ်မီယာ (Olivier Valmier) က ဆိုပါတယ်။ ၃ဝစင်တီမီတာအမြင့်ရှိပြီး ကိုယ်ထည်ရှည်မျောမျောရှိကာ အစိမ်း၊ အပြာ၊ အဝါနဲ့ ခရမ်းရောင်တွေ ရောယှက်ခြယ်လှယ်ထားပါတယ်။ ခန့်မှန်းချက်အရ ချင်မင်းဆက်ခေတ်က ဖြစ်မယ်လို့ထင်ရပါတယ်လို့ သူက ဆိုပါတယ်။ သမင်၊ ငှက်နဲ့ တခြားတိရိစ္ဆာန်ပုံလေးတွေ ရေးခြယ်ထားပြီး အိုးလည်ရစ်ပိုင်းမှာ ရွှေရောင်ပန်းခက်တွေ ရေးခြယ်ထားပုံအရ ဒီအိုးလေးဟာ ချင်မင်းဆက်ရဲ့ အမှတ်အသားတစ်ခုလို့လည်း ခန့်မှန်းကြပါတယ်။ ဒီအိုးလေးကို ဝယ်သွားတဲ့သူကတော့ အာရှသားတစ်ဦးဖြစ်ပြီး နာမည်ကိုတော့ လေလံအဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

Ref: Reuters “Chinese vase found in shoebox sells for $19 million”

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top