ဆိုလ်း (Seoul) မြို့ကြီးကိုမသွားခင် သိထားဖို့လိုတာလေးတွေ

38708146_234889737361557_8038940324292198400_n.jpg

မသိဘူး…ဆိုလ်း (Seoul) ဆိုသွားလည်ချင်တာမှ တစ်ပိုင်းရော၊ တစ်ကိုယ်လုံးရောသေနေပြီ။ သွားသာသွားချင်တာ။ ယဉ်ကျေးမှု၊ ရာသီဥတု၊ အနေအထားအားလုံးကွာနေတဲ့ မြို့ကိုသွားလည်ဖို့ဆိုတာက ထင်သလောက် မလွယ်ဘူးလေ။

အိမ်နီးချင်းနိုင်ငံလည်းမဟုတ်တော့ ပိုဆိုးတာပေါ့။

ဆိုပေမဲ့ စာရေးသူကတော့ရောက်အောင် သွားခဲ့ပါတယ်။ (၁) ညအိပ် (၂) ရက်ခရီးလေးပါ။ (၂) ရက်ခရီးဆိုပြီး အထင်မသေးပါနဲ့။ (၄-၅) ရက်စာလောက်ကို ဆိုလ်းတစ်မြို့လုံးခြေဆန့်ပစ်ခဲ့တာပါ။ စရိတ်စက သက်သက်သာသာနဲ့ပေါ့။ အဲဒီထဲကမှ စာဖတ်သူတို့ အထောက်အကူဖြစ်လောက်မယ့် အချက်အလက်လေးတွေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ပြန်ပြောပြပေးသွားပါ့မယ်။

၁။ ရာသီဥတု

အခြေအနေဆိုလ်းမှာ ဆောင်းဦး၊ ဆောင်း၊ နွေဦး၊ နွေဆိုပြီးတော့ ဥတု (၄) မျိုးရှိပါတယ်။ ဆောင်းရာသီမှာဆို ဆိုးလ်းရဲ့အပူချိန်က ၄ ဒီဂရီ Celsius (၂၅ ဒီဂရီ ဖာရင်ဟိုက်) လောက်ပဲရှိတာပါ။ ပြီးတော့သူက ခရီးသွားရာသီကိုလည်း (၂) မျိုးခွဲထားပါသေးတယ်။

ခရီးသွားနှုန်းများတဲ့ရာသီ (High season) နဲ့ ခရီးသွားဧည့်သည်နည်းတဲ့ရာသီ (Low season) ဆိုပြီးတော့ပေါ့။ ဆောင်းဦး (စက်တင်ဘာ – နိုဝင်ဘာ) နဲ့ နွေဦး (ဧပြီ – ဂျွန်) လတွေမှာ ခရီးသွားဧည့်သည် ပိုများတတ်ပြီး ဆောင်းရာသီ (ဒီဇင်ဘာ – ဖေဖော်ဝါရီ) လတွေမှာတော့ ခရီးသွားနှုန်းက နည်းပါတယ်။ မြို့ရဲ့ရာသီဥတုက အရမ်းကြီးမပူလွန်း မအေးလွန်းတဲ့အတွက် High season မှာခရီးသွားဦးရေ ပိုများတာလည်းဖြစ်ပါတယ်။

ဆိုလ်းကိုအချိန်မှာပြီး သွားလည်လိုက်မိတယ်ဆိုတာမျိုးတော့မရှိပါဘူး။ ကိုယ့်အချိန်ဇယားနဲ့ကိုက်တယ်ဆို သွားလည်လိုက်ပါ။ Low season မှာသွားမယ်ဆိုရင်တော့ အကုန်အကျပိုသက်သာတာပေါ့။

၂။ ဘာနဲ့သွားမှာလဲ

ကိုယ်ဘယ်ကသွားမလဲဆိုတာပေါ်မူတည်ပြီး ဘာနဲ့သွားမလဲဆိုတဲ့ရွေးချယ်စရာတွေက အများကြီးပါ။ ရှပ်သွားသလား။ လေယာဉ်၊ ဘတ်စ်၊ ရထား၊ ကား နောက်ဆုံးလှေနဲ့တောင်သွားလို့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့မြို့လို့ ပြောရမှာပေါ့နော်။ အိုခေ…ဒီဆောင်းပါးကို ဖတ်နေတာက မြန်မာနိုင်ငံကလူတွေပဲအများဆုံးဖြစ်မယ်လို့ ယူဆထားတာဆိုတော့ လေယာဉ်နဲ့ပဲသွားကြရမှာပေါ့နော်။ ဂျပန်နဲ့ တရုတ်ကနေသွားမှာဆိုရင်တော့ ဖယ်ရီဝန်ဆောင်မှုတွေရှိပါတယ်။

၃။ ဆိုလ်းကိုရောက်ပြီဆို

ဘာနဲ့လည်ကြမှာလဲ။ ဒါကလည်း အရေးကြီးပါသေးတယ်။ မြို့ပတ်ရထားရှိတယ်။ ဘတ်စ်ကားတွေရှိတယ်။ အငှားကားတွေရှိတယ်။ လမ်းလျှောက်ပြီးလည်လို့လည်းရတယ်။ အဲဒိလိုရွေးချယ်စရာတွေအများကြီးထဲကမှ ကိုယ်ကတော့ မြို့ပတ်ရထားကိုပဲရွေးစေချင်ပါတယ်။ ဘာလို့လဲ။ မြို့ကအရမ်းကျယ်ပါတယ်။ စာရေးသူရဲ့အတွေ့အကြုံအရဆို အင်္ဂလိပ်လိုဆက်သွယ်ဖို့လည်း နည်းနည်းခဲယဉ်းပါတယ်။

အဲဒီတော့မြို့ရဲ့နေရာတိုင်းကိုရောက်တဲ့ မြို့ပတ်ရထားကိုပဲရွေးစေချင်ပါတယ်။ သူရဲ့လမ်းညွှန်မြေပုံလေးတွေက ဘတ်စ်ကားမှတ်တိုင်ရှာရတာထက် ပိုလွယ်ပါတယ်။ ဘတ်စ်ကားကမှတ်တိုင်ကျော်၊ လမ်းပျောက်ရင်ရှာရမလွယ်ပါဘူး။ ဆိုပေမဲ့မြို့ရဲ့ မှတ်တိုင်တွေ၊ မှတ်တိုင်တွေတိုင်း တစ်ဝိုက်မှာတော့ စားစရာတွေ၊ လည်စရာတွေ၊ ဝယ်စရာတွေအပြည့်ရှိပါတယ်။ ကိုယ်တွေဆီက လှည်းတန်းဧရိယာလိုပေါ့။ နောက်တစ်ခုက စာရေးသူခရီးစဉ်တစ်လျှောက်လုံး အငှားကားနဲ့လုံးဝမသွားပါဘူး။ ဈေးကြီးပါတယ်။ ပြီးတော့ ကားလမ်းလည်းအရမ်းပိတ်ပါတယ်။ သွားချင်တဲ့နေရာကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်တယ်ဆိုပေမယ်လို့ပေါ့။

၄။ ဘာတွေလုပ်ကြမလဲ

(၂) ရက်ခရီးစဉ်ဆိုတော့လည်း တော်တော်များများနေ့ခင်းဘက်တွေပဲ သွားလည်ဖြစ်ခဲ့တာ များတာပေါ့နော်။ တစ်နေ့ကို အပြင်မှာချည်း (၁၂) နာရီအထက်နေပြီး လည်ခဲ့တာပါ။ ဟိုတယ်အပြင်ဘက်ထွက်၊ တတ်နိုင်သလောက်တစ်မြို့လုံးကို ပတ်ကြည့်ခဲ့ပါတယ်။ ရောက်တဲ့နေရာမှာ စိတ်အေးလက်အေးနေနိုင်ဖို့ဆိုတာကလည်း နေရာမမှား၊ ရွာမလည်ဖို့က လိုပါသေးတယ်။ ဒါကြောင့်အပေါ်မှာ လမ်းကြောင်းရွေးတတ်ဖို့ ပြောထားတာပေါ့။

ဆိုလ်းကလေ ကိုယ်တွေနဲ့အလှမ်းဝေးတယ်ဆိုပေမဲ့ တခြားအနောက်နိုင်ငံတွေနဲ့လည်းမတူပြန်ပါဘူး။ ဘယ်နေရာသွားသွား၊ ဘယ်လမ်းထဲချိုးချိုးတွေ့သမျှက အဆန်းတွေချည်းပါပဲ။ နောက်ထပ် တောင်တွေ၊ ပန်းခြံတွေ၊ ဘုရားကျောင်းတွေကို လည်နိုင်သလောက်လည်ခဲ့ပါ။ ကိုယ့်နိုင်ငံနဲ့မတူ တမူထူးခြားတဲ့ အလေ့အထတွေရှိတာကိုတွေ့ရပါလိမ့်မယ်။ ဪ … လမ်းဘေးတစ်လျှောက်နဲ့ အဆောက်အဦထဲတွေမှာ ချစ်စရာကောင်းတဲ့ အရုပ်တော်တော်များများကိုလည်း ထားထားတတ်ပါသေးတယ်။

အမှန်အတိုင်းပြောရရင် အဲဒီကိုရောက်တုန်း ဈေးသိပ်မဝယ်ဖြစ်ခဲ့ပါဘူး။ ဈေးဝယ်ရတာကြိုက်တဲ့သူတွေအတွက်ကတော့ ဆိုလ်းက နိဗ္ဗာန်ဘုံကြီးပါပဲ။ နိုင်ငံတကာက အလှကုန်ပစ္စည်းတွေကအစ ကိုးရီးယားစကင်ကဲရ် (skincare) တွေအဆုံး လုံးဝသွားရည်ကျစရာတွေပါပဲ။ ဒီမှာလည်း ကိုးရီးယားအလှကုန်တွေက အပီအပြင် နေရာယူထားတာဆိုတော့ ရောက်တုန်းရောက်ခိုက် ဝယ်သာဝယ်ခဲ့ပါ။ ဖက်ရှင်မြို့တော်ကြီးဖြစ်နေတာကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။

၅။ ဘာတွေစားကြမလဲ

မရောက်ဖူးပေမဲ့ ရုပ်ရှင်တွေထဲမြင်နေရတာပဲနော်။ နည်းနည်းနောနောစားစရာတွေလား။ မီလီယံနဲ့ချီပြီးတော့ကို ရှိတာပါ။ အစားရွေးသမားဖြစ်လို့မပူပါနဲ့။ ဂျပန်စာ၊ တရုတ်စာ၊ နိုင်ငံတကာအစားအစာ မျိုးစုံရှိပါတယ်။ တစ်ခုသတိပေးချင်တာကတော့ အစားအသောက်အတွက် ပိုက်ဆံတွေအများကြီး အကုန်မခံလိုက်ပါနဲ့။ တခြားအာရှနိုင်ငံတွေနဲ့စာရင် သူ့ဆီကအစားအသောက်တွေက ပိုလို့ဈေးကြီးပါတယ်။ အရသာမတွေ့ရင်နှမြောစရာကြီးနော်။

ပုံမှန် တစ်ယောက် (USD ၈) ဒေါ်လာလောက်ပဲ ထမင်းတစ်နပ်စာအတွက် သုံးပါတယ်။ ဒါကတော့ ဆိုင်ကြီးတွေမှာစားတာရှားပြီး လမ်းဘေးဆိုင်လေးတွေမှာပဲရွေးစားခဲ့တာကြောင့်ပါ။ မစိုးရိမ်ပါနဲ့။ သန့်ပါတယ်။ စားလည်းစားကောင်းပါတယ်။ အရမ်းကြီး ချွေတာဖို့စဉ်းစားထားတယ်ဆိုရင်တော့ (၂၄) နာရီဖွင့်တဲ့စတိုးတွေရှိပါတယ်။ အရသာရှိတဲ့မုန့်နဲ့ အချိုရည်တွေအများကြီးမို့ စိတ်ကြိုက် ရွေးချယ်သုံးဆောင်လို့ရပါတယ်။

၆။ ဘယ်မှာနေမလဲ

ဆိုလ်းမှာနေစရိတ်၊ ထိုင်စရိတ်ဘယ်လောက်ဈေးကြီးတယ်ဆိုတာကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ အဲဒီလိုပဲ ဟိုတယ်ခ၊ အခန်းခတွေကလည်း အာဆီယံမြို့တော်တွေနဲ့ယှဉ်ရင် အရမ်းဈေးကြီးပါတယ်။ ဒါကြောင့် မသွားခင်သေချာပြင်ဆင်သွားစေချင်ပါတယ်။

၇။ လုံခြုံမှု

ကိုယ့်အမြင်အရတော့ ဆိုလ်းက တခြားဂျပန်တို့၊ ဟောင်ကောင်တို့နဲ့ယှဉ်ရင် အများကြီး ပိုလုံခြုံမှုရှိပါတယ်။ တစ်ယောက်တည်းသွားမယ့်သူတွေအတွက် အရမ်းသင့်တော်ပါတယ်။ မြို့ခံလူတွေကလည်း ကိုယ့်ထက်တောင်ပိုလို့ နွေးထွေးနေကြပါသေးတယ်။

၈။ ကျန်းမာအောင်နေပါ

နောက်ဆုံးမှာချင်တာက ကျန်းမာရေးဂရုစိုက်ကြဖို့ပါ။ ကိုယ့်နိုင်ငံနဲ့ လုံးလုံးရာသီဥတုမတူတဲ့မြို့ကို သွားမှာဖြစ်လို့ ပိုပြီးဂရုစိုက်စေချင်ပါတယ်။အစားအစာမသန့်မှာတွေ၊ ရေမသန့်မှာတွေကိုတော့ ပူစရာမလိုပါဘူး။ အရမ်းသန့်ရှင်း၊ သပ်ရပ်ပြီး မြို့တော်အင်္ဂါရပ်နဲ့ညီတဲ့မြို့ပါ။

ကဲ … ဒီလောက်ဆို ကိုရီးယားသွားမယ့် ကိုကို၊ မမတို့လည်း မသွားခင်ဘာတွေကြိုတင်ပြင်ဆင်သွားသင့်တယ်ဆိုတာကို သိသင့်သလောက်သိပြီးကြပြီထင်ပါတယ်။ ထပ်သိချင်တာလေးတွေ၊ ဖြည့်စွက်ပေးချင်တာလေးတွေရှိရင်တော့ comment box ကနေတစ်ဆင့် ရေးသွားပေးလို့ရပါတယ်နော်။

Ref: pinterest “ WHAT TO KNOW BEFORE YOU TRAVEL TO SEOUL KOREA”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top