Forrest Gump ရုပ်ရှင်ကို အိန္ဒိယဟန်နဲ့ ပြန်လည်ဖန်တီးတော့မယ့် ဘောလိဝုဒ်စတား အမီရာခန်း (Aamir Khan)

tom1-e1552637125205.jpg

လတ်တလောမှာ ထူးထူးခြားခြားပဲ လှုပ်ခတ်နေတဲ့သတင်းကတော့ ကမ္ဘာကျော်ဟောလိဝုဒ်ရုပ်ရှင် Forrest Gump ကို အိန္ဒိယဟန်အသွင်သစ်တစ်မျိုးနဲ့ ပြန်လည်ဖန်တီးရိုက်ကူးသွားမယ်လို့ ဘောလိဝုဒ်စတား မင်းသား အမီရာခန်းက တရားဝင်ကြေညာသွားခဲ့တာပါပဲ။

Forrest Gump ရုပ်ရှင်ဟာ (၂၅) နှစ်တိုင်တိုင် ပရိသတ်ရင်ထဲစွဲမြဲနေခဲ့တဲ့ ဂန္တဝင်ရုပ်ရှင်အဖြစ်သတ်မှတ်ခံထားရပြီး မင်းသားကြီး တွမ်ဟန့် (Tom Hanks) ရဲ့ ပြောင်မြောက်လှတဲ့နာမည်ကြီးဇာတ်ကားတွေထဲမှာ ထိပ်ဆုံးကပါဝင်နေပါတယ်။ မင်းသား အမီရာခန်းကတော့ “Laal Singh Chadha” အမည်နဲ့ ပြန်လည်အသက်သွင်းသွားမှာဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး Aamir Khan Production နဲ့ Viacom18 Motion Pictures တို့က ပူးတွဲထုတ်လုပ်သွားမှာဖြစ်ပါတယ်။

ထူးခြားမှုအနေနဲ့ကတော့ အမီရာခန်းဟာ Dangal ရုပ်ရှင်တုန်းက ပရိသတ်အံ့အားသင့်ရအောင်အထိ အားစိုက်ပြီး ကိုယ်အလေးချိန်အပြောင်းအလဲလုပ်ခဲ့တဲ့နည်းတူ အခုရုပ်ရှင်မှာလည်း ဇာတ်ကောင်စရိုက်ပီပြင်မှုအတွက် သူ့အနေနဲ့ ကီလို(၂၀) ဝိတ်ချသွားရမှာဖြစ်တယ်လို့ အခုလို ဆိုခဲ့ပါတယ်။

“ဒီကားကို ရိုက်ကူးခွင့်ရဖို့ မူပိုင်ခွင့်ဝယ်နိုင်အောင် ကြိုးစားခဲ့တာဟာ အချိန် (၈)နှစ်ကြာမြင့်ခဲ့ပါတယ်။ အခုတော့ ပါရာမောင့်ရုပ်ရှင်ကနေ မူပိုင်ခွင့်ဝယ်ယူပြီးစီးသွားပါပြီ။ ရိုက်ကူးရေးအတွက် အကြိုပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ (၆) လလောက်ကြိုတင်ပြီး အချိန်ယူပြင်ဆင်သွားမှာဖြစ်ပြီး တကယ့်ရိုက်ကူးရေးကိုတော့ အောက်တိုဘာလထဲမှာ စတင်မှာပါ။ ဇာတ်ရုပ်အတွက် ကျွန်တော် ကိုယ်အလေးချိန် (၂၀) ကီလိုချသွားရမှာပေါ့။ ဇာတ်ရုပ်တောင်းဆိုချက်အရ ပိန်ပိန်ပါးပါး၊ အဆီနည်းနည်းနဲ့ ကျစ်လျစ်နေဖို့လိုအပ်တာကြောင့်ပါပဲ။ “

“Forrest Gump ရဲ့ ဇာတ်ညွှန်းကို ကျွန်တော် တော်တော်လေးစွဲလမ်းခဲ့ရတယ်။ ဒီရုပ်ရှင်က ဘဝခံယူချက်နဲ့ပတ်သက်တဲ့ လှုံ့ဆော်မှုလည်းပေးတယ်။ မိသားစုတစ်စုမှာ မိသားစုဝင်တိုင်းကြည့်သင့်တဲ့ကားမျိုးလည်းဖြစ်တယ်ဗျ။ ရသပေးစွမ်းမှုမြင့်မားတဲ့ဇာတ်လမ်းဖြစ်လို့ ကျွန်တော်အမြဲနှစ်သက်မိခဲ့ရတယ် “

“မင်းသားတွမ်ဟန့်နဲ့ ကျွန်တော်နဲ့တူညီတာဆိုရင်တော့ မျက်လုံးတွေရှိမယ်ထင်တယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်း၊ စိတ်စွမ်းအင်၊ ကိုယ်စွမ်းအင်တွေပေါ့။ ကျန်တာတော့ သိပ်ပြီးတူညီတာမရှိပါဘူး။ ရုပ်ရှင်ကို အိန္ဒိယမှာပဲ အဓိကရိုက်ကူးသွားမှာပဲ။ အထူးသဖြင့် ပန်ဂျပ်နဲ့ အိန္ဒိယပြည် မြောက်ပိုင်းဒေသအနှံ့မှာပေါ့လေ” လို့ မင်းသားက ရိုက်ကူးရေးနေရာကိုပါ ထပ်မံအတည်ပြုသွားခဲ့ပါတယ်။

အခုလာမယ့်ရုပ်ရှင်ပရောဂျက်ကြီးက မင်းသားအမီရာခန်းရဲ့အမာခံပရိသတ်တွေအတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မျှော်လင့်စောင့်ဆိုင်းရမှာ အသေအချာပါပဲ။

Ref: timesnownews.com “Aamir Khan announces his next film, Lal Singh Chaddha, the official adaptation of Tom Hanks’ Forrest Gump”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top