အခက်အခဲဖြစ်နေတာ မြင်ရင် လူအချင်းချင်း ကူညီပေးလိုစိတ် ရှိကြဖို့ တောင်းဆိုလိုက်တဲ့ ကလေးမိခင်

daily-sun-mum.jpg

ပြီးခဲ့တဲ့ အင်္ဂါနေ့၊ လန်ဒန်မြို့က ရုံးဆင်းချိန်၊ အများပြည်သူသုံး ရထားတစ်စင်းပေါ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။ ကိတ်ဟစ်ချင် ( Kate Hitchens ) ဟာ အလုပ်လုပ်နေတဲ့ ကလေးမိခင်တစ်ယောက် ဖြစ်ပါတယ်။ အင်္ဂလန်တောင်ပိုင်း ဝစ်ခ်ဖို့ (Wickford) မြို့ကနေ လန်ဒန်အထိ ခရီးဝေး ရုံးတက်ရပါတယ်။ အဲဒီနေ့က သူ ရုံးဆင်းပြီးတာနဲ့ အိမ်ပြန်ဖို့ အလျင်လိုနေတာကြောင့် ရရာ ရထားတက်စီးခဲ့ရပါတယ်။ ရုံးဆင်းချိန်ဆိုတော့ လူများလွန်းတဲ့ ရထားပေါ်မှာ ထိုင်ခုံမရပါဘူး။

သူ့ရဲ့မွေးကင်းစ ခြောက်လသားကလေးလည်း သူနဲ့အတူ ပါလာတဲ့အခါ ကလေးကိုချီထားပြီး မတ်တပ်ရပ်စီးရပါတယ်။ သူ့ရင်သွေးလေးကို ချီပိုးပြီး လူကျပ်ညပ်တဲ့ ရထားပေါ်မှာ အတော်လေး ကသီလင်တနိုင်ခဲ့ရတာပါ။

ပိုဆိုးတာက ဒီအခြေအနေကိုမြင်ကြတဲ့ ရထားပေါ်က လူတွေဟာ ကလေးနဲ့ ကလေးမိခင်ကို မသိသလို မမြင်ချင်ယောင်ဆောင်ထားပြီး ထိုင်ခုံတစ်နေရာစာ ဖယ်ပေးဖို့ ဝန်လေးနေခဲ့ကြပါတယ်။

သုံးဆယ့်ငါးမိနစ်ကြာ ပြန်ရတဲ့ အိမ်ပြန်ခရီး တစ်လျှောက်လုံး ကလေးတစ်ယောက်နဲ့ ရထားပေါ်မှာ မတ်တပ်ရပ်စီးခဲ့ရတဲ့ ဒုက္ခကို ကိတ် က စိတ်ပျက်လက်ပျက်နဲ့ အခုလို ပြန်ရင်ဖွင့်သွားခဲ့ပါတယ်။

“ခြောက်လသား၊ ပေါင်(၂၀) ကလေးကို ရင်ခွင်ပိုက်ထားတဲ့ မိခင်တစ်ယောက်၊ ရထားပေါ် မတ်တတ်ရပ်စီးနေရတဲ့ ကလေးအမေတစ်ယောက်…..။ ရထားပေါ်မှာ ကိုင်စရာတန်းကလဲမရ၊ ကလေးကလည်း အီနေတာနဲ့ ဒုက္ခတွေများလိုက်တာ ပြောမနေပါနဲ့တော့။ ဒါကို မြင်လျက်နဲ့ ဘယ်သူကမှ အရေးတယူမရှိကြဘူး။ နေရာတစ်နေရာ ပေးမထိုင်ချင်ကြဘူး။ ”

“စိတ်ကောင်းရှိတဲ့ အမျိုးသမီးတစ်ယောက်က ကျွန်မထိုင်ဖို့အတွက် သူ့ထိုင်ခုံက ထပေးတယ်။ အဲဒါကို ကလေးမတစ်ယောက်က မသိသလိုနဲ့ ခပ်တည်တည်ပဲ ဝင်ထိုင်ပစ်လိုက်တယ်။ ဘေးဘီကို ဂရုကိုမစိုက်တဲ့ ပုံမျိုးနဲ့ နားကြပ်ကောက်တပ်လိုက်ပြီး အိပ်ပါလေရောရှင်။ လူတွေမှာ စာနာစိတ် မဲ့ကုန်ပြီလား။ ”

“ကျွန်မသာဆိုရင်တော့ ဒီလိုသားသည်အမေမျိုး မပြောနဲ့။ တစ်ယောက်ယောက် အခက်အခဲဖြစ်နေတာမြင်ရင်တောင် ထပေးလိုက်တာပဲ။ နေကိုမနေတတ်ဘူး။ ကလေးတစ်ဖက်ချီပြီး ရထားပေါ်တက်လာတဲ့ မိခင်တွေ၊ အထုပ်အလေးကြီးတွေနဲ့ မနိုင့်တနိုင်သယ်လာတဲ့ ခရီးသည်တွေ၊ စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျောင်းသားတွေတွေ့ရင် ကျွန်မက ထိုင်ခုံကနေ အမြဲ ဖယ်ပေးနေကျပါပဲရှင်။ ”

“အခုကြုံခဲ့ရတဲ့ အခြေအနေက တကယ်စိတ်ကုန်စရာပါ။ လူတွေက ကူညီဖေးမစိတ် ခေါင်းပါးလာပုံပဲ။ အမှန်ကတော့ လူတစ်ယောက် အခက်အခဲ ဖြစ်နေတာမြင်ရင် တတ်နိုင်သလောက်တော့ အကူအညီပေးလိုက်ဖို့ သင့်ပါတယ်။ ”

Ref: BBC “Breastfeeding mum forced to stand on rush hour train”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top