ရိုက်ကွင်းနား ဖြတ်လျှောက်သွားရင်း တွေ့ခဲ့ရတဲ့ မင်္ဂလာပွဲက သတို့သမီးကို အံ့အားသင့်အောင်လုပ်ခဲ့တဲ့ တွမ်ဟန့်ခ်စ်

24-2-2022-yyl07.jpg

အကယ်ဒမီဆုရှင် မင်းသားကြီး တွမ်ဟန့်ခ်စ် (Tom Hanks) ကတော့ ရိုက်ကွင်းအနီးနားက မင်္ဂလာပွဲမှာ သတို့သမီးကို အံ့အားသင့်အောင်လုပ်ပြီး ဓာတ်ပုံတွဲရိုက်ခဲ့ပြန်ပါပြီ။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က ပစ်တ်စ်ဘာ့ဂ် (Pittsburgh) မြို့လယ်မှာ သတို့သမီးနဲ့ သတို့သမီးအရံတွေကို တွမ်ဟန့်ခ်စ်က အံ့အားသင့်အောင်လုပ်ခဲ့တာပါ။ဓာတ်ပုံဆရာ ရစ်ချယ် ရိုလန် (Rachel Rowland) က သတို့သမီးနဲ့ သတို့သမီးအရံတွေကို ဓာတ်ပုံရိုက်ပေးနေခဲ့တာပါ။ ဓာတ်ပုံတစ်ပုံမှာ သတို့သမီးက အံ့အားသင့်နေတဲ့ပုံပါပဲ။ တွမ်ဟန့်ခ်စ်က သူတို့ဓာတ်ပုံရိုက်နေတဲ့ နောက်ကနေ ဖြတ်သွားခဲ့ပြီး နောက်ခံမှာ မြင်နေရတာကြောင့်ပါ။ တွမ်ဟန့်ခ်စ်က အဲဒီမြို့မှာ “A Man Called Otto” ဇာတ်ကားကို ရိုက်ကူးနေတာပါ။

တွမ်ဟန့်ခ်စ်က လမ်းလျှောက်နေတာ ရပ်ပြီး Fairmont Pittsburgh အပြင်ဘက်မှာ သတို့သမီး ဂရေ့ ဂါဝက်တ်နေး (Grace Gwaltney)၊ သူ့ရဲ့သတို့သမီးအရံတွေနဲ့ ဓာတ်ပုံအတူရိုက်ပေးခဲ့ပါတယ်။ ဓာတ်ပုံဆရာ ရစ်ချယ်က တွစ်ဟန့်ခ်စ်ပါဝင်တဲ့ ဓာတ်ပုံအပါအဝင် ဓာတ်ပုံစီးရီးကို အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။ “မနေ့က ပျော်ရွှင်မှုတွေ၊ ရယ်မောပျော်ရွှင်မှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေ၊ မိသားစုတွေနဲ့ ပွေ့ဖက်မှု‌တွေနဲ့ ပြည့်နှက်နေတယ်” ဆိုတဲ့ စာသားကိုလည်း ရေးသားခဲ့ပါတယ်။

မင်းသားကြီး တွမ်ဟန့်ခ်စ်နဲ့ တွေ့ပြီး ဘယ်လိုဓာတ်ပုံရိုက်ဖြစ်ခဲ့လဲဆိုတာကို ဓာတ်ပုံဆရာ ရစ်ချယ်က ပြောပြခဲ့ပါတယ်။ “ကျွန်မတို့အားလုံး ဟိုတယ်ကနေ လီမိုကားဆီလမ်းလျှောက်လာခဲ့ကြပြီး ဘယ်ကနေမှ သူပေါ်လာလိုက်လဲမသိ ‘ကျွန်တော့်နာမည် တွမ်ဟန့်ခ်စ်ပါ! သတို့သမီးနဲ့ ဓာတ်ပုံရိုက်လို့ရမလား’လို့ ပြောတယ်။ ကျွန်မတို့အားလုံး အော်ဟစ်နေပြီး တော်တော် အံ့အားသင့်နေခဲ့တယ်။ မင်းတို့ထင်သလိုပဲ သူက ချီးကျူးစရာကောင်းပြီး ချစ်စရာကောင်းတယ်။ သူ့ရဲ့ဇနီး ရီတာလည်း အဲဒီမှာ ရှိပြီးတော့ ဓာတ်ပုံလည်း ရိုက်ခဲ့တယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း တွမ်ဟန့်ခ်စ်ဟာ Santa Monica က ကမ်းခြေမှာ လမ်းလျှောက်နေခဲ့တဲ့အချိန်မှာ အခြားမင်္ဂလာပွဲတစ်ခုနဲ့ ကြုံဆုံမိခဲ့ပါတယ်။ မင်္ဂလာပွဲမှာ သူ ပေါ်လာတဲ့အချိန် သတို့သားနဲ့သတို့သမီး ၂ ယောက်လုံး အံ့အားသင့်သွားခဲ့ရပါတယ်။ ၂၀၁၆ခုနှစ်မှာလည်း New York Central Park မှာ ပြေးနေတုန်း မင်္ဂလာပွဲတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ သတို့သား၊ သတို့သမီးက တွမ်ဟန့်ခ်စ်ကို မင်္ဂလာဆောင်ဓာတ်ပုံရိုက်ကူးဖို့ ဖိတ်ကြားခဲ့ပါတယ်။ အဲဒီတုန်းက တွမ်ဟန့်ခ်စ်ကတောင် အင်စတာရမ်မှာ သတို့သား၊ သတို့သမီးကို မင်္ဂလာဆုတောင်းပေးရင်း ဓာတ်ပုံတင်ခဲ့ပါသေးတယ်။

Ref: CBSNews “Tom Hanks crashes wedding photos – again”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top