အအေးမိတာလား၊ ဓာတ်မတည့်တာလား

allergy-asthma-clinics.jpg

ချောင်းဆိုးပြီး နှာစေးနေတယ်၊ လည်ချောင်းနာနေတယ်ဆိုရင် လူတော်တော်များများက ငါတော့ အအေးမိပြီဆိုပြီး ထင်တတ်ကြပါတယ်။ အအေးမိတာနဲ့ ဓာတ်မတည့်တာဟာ ရောဂါလက္ခဏာ တော်တော်များများတူတယ်ဆိုပေမဲ့ ခွဲခြားလို့တော့ရပါတယ်။

အအေးမိခြင်း (Common Cold)

ဗိုင်းရပ်စ်ပိုးက အသက်ရှူလမ်းကြောင်းထဲဝင်ရောက်ပြီး ကိုယ်ခံအားနည်းနေတဲ့အချိန်မှာ ဖျားနာခြင်းကို ဖြစ်စေပါတယ်။ အေးတဲ့ရာသီမှာသာမက ပူနွေးတဲ့အချိန်တွေမှာလည်း အအေးမိဖျားနာ ဖြစ်နိုင်ပါတယ်။ ဖျားနေတဲ့သူတစ်ယောက် ပါးစပ်မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်ရာကနေ ရောဂါပိုးတွေက လေထဲကတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲဝင်ရောက်ပြီး ကူးစက်တာပိုများပါတယ်။

ဘယ်လောက်ပဲကျန်းမာနေသူဖြစ်ပါစေ တစ်နှစ်ကို (၂) ကြိမ်မှ (၃) ကြိမ်ထိ အအေးမိဖျားနာ ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်ရောဂါရှိသူတွေမှာ အအေးမိဖျားနာပိုဖြစ်တတ်ပြီး ကလေးတွေဆိုရင်လည်း ကိုယ်ခံအားစနစ် အားနည်းနေသေးတာ၊ လက်သေချာမဆေးဘဲအစာစားတာ၊ လူများတဲ့နေရာတွေကို သွားတာကြောင့် မကြာခဏဆိုသလို ဖျားနာတတ်ပါတယ်။

ချောင်းဆိုးတာ၊ နှာစေးတာအပြင် လည်ချောင်းနာ၊ နှာပိတ်တာ၊ မကြာခဏ နှာချေတာ၊ ခေါင်းမူးခေါင်းကိုက်၊ ကိုယ်ပူခြင်း၊ ကိုက်လက်ကိုက်ခဲခြင်းတွေလည်း ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် အအေးမိတာပျောက်ဖို့ (၇) ရက်ကနေ (၁၀) ရက်အထိပဲ ကြာပါတယ်။ ဒီထက်ပိုကြာနေပြီဆိုရင်တော့ ဆရာဝန်နဲ့ စောစောစီးစီးပြသပြီး ကုသမှုခံယူဖို့နဲ့ တခြားရောဂါတွေ ရှိ၊ မရှိကို စစ်ဆေးဖို့လိုပါတယ်။

ဓာတ်မတည့်ခြင်း (Allergies)

ကိုယ်ခံအားစနစ်က တချို့သောအရာဝတ္ထုနဲ့ ဓာတ်မတည့်တဲ့အခါ histamines လို့ခေါ်တဲ့ဓာတ်တစ်မျိုးကို ထုတ်ပေးပါတယ်။ ဒီ histamines ဓာတ်ကြောင့် နှာချေ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာစေး၊ နှာပိတ်၊ မျက်ရည်ယိုတာအပြင် မျက်လုံးနဲ့ အရေပြား ယားသလိုလိုဖြစ်တာ၊ အင်ပျဉ်ထတာတွေပါ ဖြစ်နိုင်ပါတယ်။ အအေးမိတာနဲ့တူတဲ့ လက္ခဏာတွေရှိပေမယ့် ဖြစ်ပုံချင်းကတော့ လုံးဝကွဲပြားပါတယ်။

များသောအားဖြင့် ဓာတ်မတည့်တဲ့အစားအစာတွေစားမိတာ၊ ပန်းဝတ်မှုန်၊ သစ်ပင်၊ မြေဆီလွှာ၊ ဆေးဝါးတွေကို ထိတွေ့၊ သုံးစွဲမိတဲ့အခါ ကိုယ်ခန္ဓာက ဓာတ်မတည့်မှုကိုဖြေရှင်းဖို့အတွက် လက္ခဏာတွေ ဖြစ်လာရတာပါ။ ဒီလိုအရာဝတ္ထုတွေအပြင် တိရစ္ဆာန်တွေရဲ့ တံတွေး၊ အမွေးအမျှင်၊ အနံ့အသက်တွေ၊ မှိုစွဲတာ၊ ဖုန်မှုန့်နဲ့ ကပ်ပါးပိုးကောင်တွေကြောင့် ဓာတ်မတည့်ခြင်းတွေလည်း ဖြစ်တတ်ပါတယ်။

ဓာတ်မတည့်တာမှာ ကိုယ်က ဘာနဲ့ဓာတ်မတည့်တာလဲ၊ အဲဒီအရာဝတ္ထုကို ကိုယ့်အနားကနေ ဝေးဝေးမှာ ထားဖို့လိုအပ်သလို၊ ဒီလက္ခဏာတွေပျောက်ကင်းဖို့ ဆေးသောက်ဖို့လိုအပ်တာမျိုးတွေလည်း ရှိပါတယ်။ များသောအားဖြင့် နွေရာသီနဲ့ မိုးရာသီလို ပူနွေး၊ စိုစွတ်တဲ့အချိန်မှာ ဓာတ်မတည့်ဝေဒနာတွေ ပိုအဖြစ်များပါတယ်။

ဓာတ်မတည့်တာနဲ့ အအေးမိတာကို ဘယ်လိုခွဲခြားမလဲ

တူညီတဲ့လက္ခဏာတွေရှိတာမှန်ပေမဲ့ ခံစားရတဲ့ဝေဒနာချင်းရော၊ ဖြစ်ပုံခြင်းရော ကွာခြားမှုတွေရှိပါတယ်။ ဒီလက္ခဏာတွေကို သေချာဆန်းစစ်ကြည့်ပြီးမှ ကိုယ့်မှာဘာဖြစ်နေလဲဆိုတာ ကွဲကွဲပြားပြားသိမှာပါ။

အအေးမိတဲ့အခါမှာ မောပန်းတာ၊ ကိုယ်လက်ညောင်းကိုက်နေတာ၊ နာကျင်တာ၊ လည်ချောင်းနာတာ၊ အဖျားတက်တာတွေဖြစ်တတ်ပြီး ဓာတ်မတည့်တဲ့အခါ မျက်ရည်ယိုတာ၊ နှာမွှန်တာ၊ အရေပြားက အနီရောင်အင်ပျဉ်တွေ အကွက်လိုက်ထလာတာ ပိုအဖြစ်များပါတယ်။

ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသသင့်လဲ

အအေးမိတာမှာ (၂) ပတ်ကျော်တဲ့အထိ အဖျားမကျသွားဘူး၊ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ဖျားနေစဉ်ကာလမှာ ကိုယ့်အတွက် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့်အစားအစာတွေ များများစားပါ။ အရည်များများသောက်ပါ။ အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေးကို ဆေးဆိုင်ကနေ အလွယ်တကူဝယ်သောက်လို့လည်း ရပါတယ်။

ဓာတ်မတည့်တာအတွက် ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ ကိုယ်ဓာတ်မတည့်တဲ့အရာနဲ့ ဝေဒနာက ဘယ်လောက်ထိပြင်းထန်လဲဆိုတာပေါ်မူတည်ပြီး ဆရာဝန်အနေနဲ့ နား၊ နှာခေါင်း၊ လည်ချောင်းကို စစ်ဆေးမှာ ဖြစ်ပါတယ်။ သိပ်ပြီးပြင်းထန်လွန်းတဲ့အခြေအနေမှာဆိုရင် ဓာတ်မတည့်ခြင်းအတွက် အထူးကုဆရာဝန်နဲ့ သေချာပြသဖို့လိုအပ်ပါတယ်။

Ref: Hello ဆရာဝန်
ရေးသားသူ – Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top