အမှန်တကယ်နားမကြားတာက ဘယ်သူလဲ

62485600_727794984302355_2452542491996454912_n.jpg

တစ်ခါတုန်းက အသက်အရွယ်ရလာပြီဖြစ်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ ဘဝကိုအေးချမ်းအေးချမ်းနဲ့ ပျော်ရွှင်စွာဖြတ်သန်းလို့နေကြပါတယ်။ တစ်နေ့မှာတော့ ခင်ပွန်းဖြစ်သူက သူပြောတဲ့စကားတွေကို ဇနီးဖြစ်သူက ပြန်လည်ဖြေကြားခြင်းမရှိတာကြောင့် ဇနီးဖြစ်သူရဲ့ အကြားအာရုံနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်သွားခဲ့ပါတယ်။ ဒါကြောင့် ခင်ပွန်းဖြစ်သူအမျိုးသားကြီးဟာ မိတ်ဆွေဆရာဝန်ဆီကိုသွားပြီး ဇနီးသည်ရဲ့ အကြားအာရုံနဲ့ပတ်သက်လို့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။

 

ဒီအခါ ဆရာဝန်က ” လောလောဆယ်တော့ အရိုးရှင်းဆုံးနည်းလမ်းတစ်ခုအသုံးပြုပြီး စမ်းသပ်ကြည့်လိုက်ပါ။ ဘယ်လိုနည်းလဲဆိုတော့ ခြေလှမ်း (၃၀) အကွာလောက်ကနေ ပုံမှန်ပြောနေကြလေသံနဲ့ပဲ မင်းရဲ့ဇနီးသည်ကို စကားတစ်ခုခုပြောကြည့်လိုက်ပါ။ တကယ်လို့မှ သူကမကြားဘူး တစ်ခွန်းမှမတုံ့ပြန်ဘူးဆိုရင်တော့ ရှေ့ကိုခြေလှမ်း (၁၀) လှမ်းလောက်တိုးတိုးသွားပြီး စမ်းသပ်ကြည့်ပါ “လို့ ညွှန်ကြားလိုက်ပါတယ်။

အမျိုးသားကြီးလည်း အိမ်ကိုရောက်တာနဲ့ မိတ်ဆွေဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း အိမ်နောက်ဖေးမီးခိုချောင်မှာ အလုပ်ရှုပ်နေတဲ့ဇနီးသည်ကို ခြေလှမ်း (၃၀) အကွာကနေ “ချစ်ဇနီးလေးရေ… ညစာအတွက် ဘာဟင်းချက်ထားလဲဟေ့ “လို့လှမ်းအော်ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဇနီးသည်ဖြစ်သူက တစ်စုံတစ်ရာပြန်လည်မပြောတာကြောင့် ခြေလှမ်း(၁၀)လှမ်းထပ်တိုးပြီးတော့ ထပ်ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ဇနီးဖြစ်သူကတော့ ဘာတစ်ခုမှတုံ့ပြန်ခြင်းမရှိသေးဘဲ သူလုပ်နေတဲ့အလုပ်ကိုသာ ဆက်လုပ်နေပါတယ်။ အဲဒါကြောင့် ခင်ပွန်းဖြစ်သူလည်း နောက်ထပ်ခြေလှမ်း (၁၀) လှမ်းရှေ့တိုးပြီး စမ်းသပ်ပြန်ပါတယ်။ ဇနီးဖြစ်သူကတော့ မထူးခြားဘဲ သူ့အလုပ်ကို အာရုံစိုက်ပြီးတော့ပဲ လုပ်နေပါတယ်။ ဒီအခါ အမျိုးသားကြီးလည်း စိတ်မရှည်တော့ဘဲ ဇနီးသည်ရဲ့နောက်ကျောနားကိုသွားပြီး ” ချစ်ဇနီးလေးရေ ဒီညစာအတွက်ဘာချက်ထားလဲ” လို့မေးလိုက်ပါတော့တယ်။ ဒီအခါမှာ ဇနီးဖြစ်သူက ” ကြက်သားဟင်းချက်ထားတယ်လို့ ကျွန်မဖြေနေတာ ဒီတစ်ခါနဲ့ဆို (၄) ခါမြောက်တောင်ရှိပြီလေ..ရှင်နားများကန်းသွားပြီလား ” လို့ပြန်ပြောလိုက်ပါတယ်။

ဒီအကြောင်းအရာလေးက ဟာသနည်းနည်ဆန်တယ်ဆိုပေမဲ့ တကယ်တော့ တွေးစရာ စဉ်းစားသုံးသပ်စရာလေးတွေလည်း ပါဝင်နေပါတယ်။ ဒီအကြောင်းအရာထဲကလို ယောင်္ကျားဖြစ်သူဟာ သူကိုယ်တိုင်က အကြားအာရုံချို့ယွင်းချက်ရှိနေတယ်လို့မထင်ဘဲ မိန်းမဖြစ်သူရဲ့ အကြားအာရုံအားနည်းနေပြီလို့ပဲထင်မှတ်နေသလိုမျိုး တစ်ခါတစ်ခါမှာ လူတွေက ကိုယ့်မျက်ချေးကိုယ်မမြင်ကြဘဲ ကိုယ်လုပ်နေတဲ့အရာတွေကမှ မှန်တယ်လို့ ယုံကြည်နေတတ်ကြပါတယ်။

ဘယ်နေရာမှာမဆို အကြောင်းအရာအပြည့်အစုံကို ဂဃနဏမသိဘဲ အခြားသူတစ်ယောက်ကို ပြစ်တင်ပြောဆိုတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ်ရမ်းသမ်းပြောလိုက်တဲ့စကားတွေက ကိုယ်တိုင် ပြန်အရှက်ရစေမယ့်အကြောင်းအရာတွေ ဖြစ်လာနိုင်တာကို သတိပြုသင့်လှပါတယ်။

Ref: “Inspirational Stories ”
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top