မင်္ဂလာပွဲနဲ့ကြုံကြိုက်ရင်း သတို့သားနဲ့သတို့သမီးကို အံ့အားသင့်အောင်လုပ်ခဲ့တဲ့ ကီနူးရိဗ်

30-8-2022-yyl35.jpg

လူချစ်လူခင်ပေါပြီး ပကာသနကင်းတဲ့ နှလုံးလှပိုင်ရှင်မင်းသား ကီနူးရိဗ်က အခုတစ်ခေါက်မှာတော့ မင်္ဂလာပွဲအခမ်းအနားနဲ့ ကြုံကြိုက်မိပြီး သတို့သားနဲ့သတို့သမီးတို့ကို ပျော်ရွှင်သွားအောင် လုပ်ခဲ့ပြန်ပါပြီ။ ကီးနူးရိဗ် ကြုံကြိုက်မိခဲ့တာဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အင်္ဂလန်မှာ ကျင်းပခဲ့တဲ့ ဂျိမ်းစ်နဲ့ နစ်ခ်ကီတို့ရဲ့မင်္ဂလာပွဲပါပဲ။ ဂျိမ်းတို့စုံတွဲအတွက် မင်းသားကီးနူရိဗ်ကို သူတို့ရဲ့မင်္ဂလာပွဲမှာမြင်တွေ့ခဲ့ရတာဟာ တစ်သက်တာအမှတ်ရစရာဖြစ်ခဲ့ပါတယ်။

ကီးနူရိဗ်က Fawsley Hall Hotel & Spa ရဲ့ဘားကို လာရင်း သတို့သားက သူ့ကို သတိထားမိသွားခဲ့ပြီး မင်္ဂလာပွဲတက်ရောက်ပေးဖို့ ဖိတ်ကြားခဲ့တာပါ။ အဲဒီတုန်းက ကီးနူရိဗ်က အရမ်းဖော်ရွေစွာနဲ့ပဲ နောက်မှ လာခဲ့တယ်လို့ ပြောခဲ့တာပါ။ သူလာမလားမလာဘူးလားမသိရပေမဲ့ သတို့သားကတော့ သူ့နဲ့စကားပြောခွင့်တော့ရလိုက်တာပါပဲ။

တစ်နာရီလောက်ကြာတော့ ဟိုတယ်ဝန်ထမ်းတစ်ယောက်က သတို့သမီးနားကပ်လာပြီး အပြင်မှာ အထူးဧည့်သည်တစ်ယောက်အပြင်မှာရောက်နေတယ်၊ သူက စကားပြောချင်နေတယ်လို့ ပြောလာပါတယ်။ အဲဒီအထူးဧည့်သည်က ကီးနူရိဗ်ဖြစ်နေခဲ့ပါတယ်။ သတို့သမီးလည်း အံ့အားသင့်ကာ အရမ်းစိတ်လှုပ်ရှားနေခဲ့ပါတယ်။ သတို့သမီးက သူ့ကို နှုတ်ဆက်ပြီး ကိုယ့်ကိုယ်ကိုမိတ်ဆက်ခဲ့ပါတယ်။ သူ့ကို ဝိုင်၊ ရှန်ပိန်တစ်ခုခုသောက်ဖို့ ပြောခဲ့ပေမဲ့ ခဏပဲနေမှာဖြစ်ပြီးလေယာဉ်လည်း အကြာကြီးစီးရမှာဖြစ်တဲ့အတွက် သောက်ဖို့ ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ မင်္ဂလာသတို့သားနဲ့သတို့သမီးကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

ကီးနူရိဗ်က သဘောကောင်းပြီး သတို့သား၊ သတို့သမီးနဲ့တင်မဟုတ်ဘဲ ဧည့်သည်တွေနဲ့ပါ ဓာတ်ပုံရိုက်ခဲ့တယ်။ သူတို့ရဲ့ဧည့်သည်တချို့နဲ့ စကားပြောဖို့လည်း အချိန်ပေးခဲ့တယ်လို့ သတို့သမီး နစ်ခ်ကီက ဆိုပါတယ်။ ကီးနူရိဗ်နဲ့ ဓာတ်ပုံရိုက်တဲ့အချိန်မှာ “Cheese” လို့ အော်မယ့်အစား သူ့ရဲ့နာမည်ကြီးရုပ်ရှင်နာမည် “Speed” လို့ အားလုံးက အော်ခဲ့ကြတာပါ။

နစ်ခ်ကီက “ကျွန်မ The Matrix ဇာတ်ကားတွေကို အရမ်းကြိုက်ခဲ့တာ၊ John Wick ဇာတ်ကားတွေရဲ့ အမာခံပရိသတ်လည်းဖြစ်တယ်။ မင်္ဂလာပွဲက ပြီးပြည့်စုံပြီးသားဖြစ်ပေမဲ့ ကီးနူရိဗ်က အိမ်ထောင်သည်ဘဝစွန့်စားခန်းအစမှာ အမှတ်ရစရာတစ်ခုဆောင်ကျဉ်ပေးခဲ့တယ်”တဲ့။

Ref: Scoopworthy “Keanu Reeves surprised a couple by showing up at their wedding: ‘It was just out of this world'”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply